လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ ဖြစ်ကြောင်း သားဖြစ်သူ ကင်အဲရစ် (ခေါ်) ဦးထိန်လင်းက ယနေ့ (စက်တင်ဘာ ၇ ရက်) တွင် အသိပေး ပြောဆို လိုက်သည်။
ကင်အဲရစ် (ခေါ်) ဦးထိန်လင်းက “Proof Of Life က အစပဲဖြစ်ပါတယ်။ အခုတော့ အမေရဲ့ လွတ်လပ်မှု အတွက် ကျနော်တို့ တောင်းဆိုရပါမယ်။ အမေရဲ့ အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ ဆက်သွယ်တွေ့ဆုံခွင့်နဲ့ ခြွင်းချက် မရှိ လွတ်မြောက်ရေးအတွက် တောင်းဆိုမယ့် FREE HER လှုပ်ရှားမှုကို စတင်နေပါတယ်” ဟု ပြောသည်။
‘FREE HER’ လှုပ်ရှားမှုတွင် ပြည်သူများအနေဖြင့် အတူတကွ ပါဝင်ပေးကြရန်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြည်သူများ၏ အသံကို ထပ်မံမြှင့်တင်ပေးကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးခြင်း ရှိ၊ မရှိနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိနိုင်သည့် အခြေအနေများကြောင့် ‘Proof Of Life’ လှုပ်ရှားမှုကို ကမ္ဘာတစ်ဝန်း လုပ်ဆောင်ခဲ့ကြပြီး စစ်အုပ်စုအပေါ် ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ‘Proof Of Life’ လှုပ်ရှားမှုမှတစ်ဆင့် ဖိအားများ မြင့်တက်လာပြီးနောက် စစ်အုပ်စုက ဒေါ်အောင်ဆန်းစု ကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို တွေ့ဆုံခွင့်ပြုခဲ့ရသည်။
“မကြာသေးခင်က ICRC တွေ့ဆုံခွင့်ရခဲ့တာက စိတ်သက်သာရာ အနည်းငယ် ရစေခဲ့ပေမယ့် မေမေက လွတ် လပ်မှု မရသေးပါဘူး။ မေမေက အခု အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို ကျနော်လည်း အမေနဲ့ တွေ့ခွင့်၊ စကားပြောခွင့် မရသေးပါဘူး။ ဒါကြောင့် အခု ကျနော်တို့ နောက်တဆင့် တက်ရပါမယ်” ဟု ကင်အဲရစ် (ခေါ်) ကိုထိန်လင်းက ပြောသည်။
ထို့ပြင် ‘Proof Of Life’ လှုပ်ရှားမှုတွင် ပါဝင်ရပ်တည်ပေးခဲ့သူများကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ယင်းကဲ့ သို့ ပံ့ပိုးကူညီမှုများကို မည်သည့်အခါမျှ မမေ့နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယခုစတင်လိုက်သည့် ‘FREE HER’ လှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ အခြေခံအခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့် ရရှိရေးတို့ကို အဓိကထား တောင်းဆိုသွားမည်ဖြစ်သည်။







