မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း စစ်ရေးရင်းမြစ်များက ပြောသည်။
နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စု စစ်ကူစစ်ကြောင်းတစ်ခုကို AA က ဒရုန်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ကြောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူ များပြားသဖြင့် ကားများဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းဆိုသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ပဇီရွာ ဝန်းကျင်မှာ လှုပ်ရှားစစ်ကြောင်း တွေရှိတယ်။ အဲဒီစစ် ကြောင်းတွေ က ရှေ့ကိုထိုးဖောက်ဖို့ ကြိုးစားနေတာ။ အဲဒါကို AAက ဒရုန်း၊လက်နက်ကြီးနဲ့ပစ်တာ စစ်တပ်ရဲ့ စစ်ကြောင်းထိ သွားတယ်။ ဒဏ်ရာရစစ်သားတွေနဲ့အလောင်းတွေကို ပဒါန်းဖက်ကို ပို့တယ်။ စစ်ကားတွေက ရိက္ခာလာပို့ တယ်။ အဲဒီကားတွေနဲ့ဘဲ ဩဂုတ်၃၁ ရက်နေ့ မနက်ပိုင်း ပြန်သယ်သွားတာ” ဟု ပြောသည်။
ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် AA မှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ် ထိုသို့ ထိခိုက်ကျဆုံးမှု များပြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ရေးသတင်းရင်းမြစ်က “AA မှာ လေယာဉ်တစ်ခုက လွှဲပြီး လက်နက်ကြီးတွေ၊ဒရုန်းတွေ အကုန်ရှိ တယ်။ စစ်တပ်က ပစ်သလိုဘဲ သူတို့လည်း ပြန်ပစ်နိုင်တာဘဲ။ အမ်း-ပဒါန်း လမ်းပေါ်က စစ်တပ်လှုပ်ရှားနေ တာတွေကို ဒရုန်းတွေနဲ့ ကင်းထောက်တယ်။ တွေ့ရင် ဒရုန်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ချတာ။ ပဇီရွာဝန်း ကျင် အနီးမှာ လှုပ်ရှားနေတဲ့ စစ်ကြောင်းထိသွားတာ” ဟု ဆက်ပြောသည်။
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော်၏ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အထိနာနေသလို၊ အခြားတစ်ဖက်တွင်လည်း ကြားဖြတ်တိုက်ခိုက် ချေမှုန်းခံရခြင်းနှင့် စနိုက်ဘာများဖြင့် အနီးကပ် အကြိမ်ကြိမ် တိုက်ခိုက်ခံရခြင်းတို့ကြောင့် နေ့စဉ်လိုလို အထိနာလျက်ရှိသည်။
“နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံရပြီး စကမတပ် အကျအဆုံးများနေတာ။ ဒါပေမယ့် ပစတွေနဲ့ စစ်အင်အားတွေကို လိုသလို မကြာခဏ ထပ်မံဖြည့်တာ။ ပစတွေက သေတာအများကြီးဘဲ။ ထွက်ပြေးတာ၊ ငှက်ဖျားမိတာလည်း အများကြီးဘဲ” ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုသို့ အကျအဆုံးများနေသဖြင့် နှစ်နှင့်ချီ၍ နတ်ရေကန်တောင် ဗျူဟာကုန်းကို စစ်ကြောင်း အများအပြားဖြင့် ထိုးဖောက်နေသော်လည်း စစ်အုပ်စုတပ်အနေဖြင့် မအောင်မြင်ဘဲ ဖြစ်နေသည်။
အဆိုပါ မြေပြင်သတင်းရင်းမြစ်က “စကမက စစ်အင်အားတွေက တော်တော့်ကို ဖြည့်ထားတယ်။ တိုက်ပွဲက အဓိက ဒရုန်းနဲ့စနိုက်ဘာ၊လက်နက်ကြီးနဲ့ ပစ်တယ်။ စကစဖက်က ရှေ့တိုးရင် မြေပြင်ထိတွေ့တိုက်ပွဲလည်း မကြာခဏ ဖြစ်တယ်။ သူတို့က လူအင်အား ဘယ်လောက်သုံးသုံး နတ်ရေကန် ဗျူဟာကုန်းကိုတော့ ထိုး မဖောက်နိုင်သေးဘူး။ သူတို့ကလက်နက်ကြီးကျည်၊ ဒရုန်းတွေနဲ့ လေကြောင်းကနေပစ်တယ်။ AAကလည်းပြန် ပစ်တယ်။ လက်ရှိကတော့လက်နက်ကြီးနဲ့ အပြန်အလှန် တိုက်ခိုက်တာများတယ်။ နတ်ရေကန်ဘက်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် အကြာကြီးဖြစ်တာတော့ မရှိသေးဘူး” ဟု ရှင်းပြသည်။
စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းကလည်း နတ်ရေကန်တောင်ကြောရှိ စစ်အုပ်စုတပ် စစ်ကူစစ်ကြောင်း စခန်းများသို့ ရိက္ခာကား ၃ စီးနှင့်အတူ လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့ကြောင်းဆိုသည်။
ရခိုင်-မကွေးရိုးမပေါ်တွင် နတ်ရေကန်ကို အကြောင်းပြု၍ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ နှစ်ချီကြာမြင့်နေပြီ ဖြစ်သော်လည်း AA ဘက်ကလည်း ရှေ့ဆက်တိုး ထိုးစစ်ဆင် မတိုက်သလို၊ စစ်အုပ်စုတပ် ဘက်ကလည်း ပဇီနှင့် ဂုတ်ကြီးထက် ပို၍ ရှေ့မတက်နိုင်သေးကြောင်း မြေပြင်သတင်းများအရ သိရသည်။







