သံတွဲ ကျောက်ကြီးရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရသူ ၁၁ ဦးအထိ ရှိလာ

သံတွဲ ကျောက်ကြီးရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရသူ ၁၁ ဦးအထိ ရှိလာ
ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ - AA Info Desk

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ အရပ်သား ၁၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁ ဦးအထိ ရှိလာကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပြီး AA က ကနဦး သတင်းထုတ်ပြန်ရာတွင် သေဆုံးသူ အရပ်သား ၁၀ ဦးထက်မနည်းရှိပြီး ဒဏ်ရာရရှိသူ ၈ ဦးရှိကြောင်း ဖော်ပြခဲ့ကာ အသေးစိတ်ကို ထပ်မံထုတ်ပြန်မည်ဟု ဆိုခဲ့သည်။

လက်ရှိတွင် သေဆုံးသူ ၁၄ ဦးအပါအဝင် ဒဏ်ရာရရှိသူ ၁၁ ဦး၏ အမည်နှင့် အသေးစိတ် အချက်အလက်များကို AA က ထပ်မံ ထုတ်ပြန်လာခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဒေါ်စန်းစန်းမော် (၄၅) နှစ်၊ ဦးဖိုးငြိမ်း (၈၈) နှစ်၊ ဒေါ်ခင်အုန်း (၈၃) နှစ်၊ မခိုင်ဇံသင်း (၂၁) နှစ်၊ ဒေါ်ညီမပု (၈၇) နှစ်၊ ဒေါ်မနီ (၅၇) နှစ်၊ ဒေါ်မဇွန်မီ (၃၆) နှစ်၊ မောင်အောင်မြင့်မြတ် (၆) နှစ်၊ ဒေါ်မကြီး (၈၆) နှစ်၊ မဘုန်းပွင့်စံ (၉) နှစ်၊ ဒေါ်ခင်သန်းမြင့် (၆၅) နှစ်၊ ဒေါ်စုဝေဖြိုး (၄၀) နှစ်၊ ဦးမောင်မောင်နိုင် (၄၉) နှစ်နှင့် ဒေါ်ချစ်ပုတို့ဖြစ်ကြပြီး သေဆုံးသူအားလုံးမှာ ကျောက်ကြီးကျေးရွာမှ ဖြစ်ကြသည်။

ဒဏ်ရာရရှိသွားသူများမှာ မမိုးမိုးသန်း (၂၅) နှစ်၊ ဒေါ်ပြည့်ဖြိုးဝေ (၃၈) နှစ်၊ ဦးဇော်မင်းလွင် (၃၈) နှစ်၊ ဦးမောင်ဖြူ (၇၅) နှစ်၊ ဒေါ်မှဲ့နီ (၆၅) နှစ်၊ ဦးကိုမဲ (၆၅) နှစ်၊ ဦးမောင်ဖြူ (၆၇) နှစ်၊ ဦးသောင်းရွှေ (၇၇) နှစ်၊ ဦးမောင်မြင့်သူ (၃၈) နှစ်၊ ဦးထက်လင်းအောင် (၃၅) နှစ်နှင့် ဦးကျော်နိုင်လင်း (၃၁) နှစ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများအနက် မမိုးမိုးသန်းမှာ သံတွဲမြို့နယ်၊ စလူကျွန်းကျေးရွာမှဖြစ်ပြီး ကျန် ၁၀ ဦးမှာ ကျောက် ကြီးကျေးရွာမှ ဖြစ်ကြသည်။

ကျောက်ကြီးကျေးရွာကို ဩဂုတ်လ ၁၀ ရက်၊ နေ့လယ် ၁ နာရီမှစ၍ စစ်အုပ်စု၏ ဂျက်ဖိုက်တာ တစ်စီးက မိနစ် ၂၀ ခန့် လှည့်ပတ်ပြီး ပေါင် ၃၀၀ ဟု ယူဆရသည့် ဖျက်အားပြင်း ဗုံးသီးသုံးလုံးကို ကြဲချခဲ့ခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဗုံးသီးများသည် ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့ရခြင်း ဖြစ်သည်။

လေကြောင်းမှ တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း အဆိုပါ ပတ်ဝန်းကျင်ရှိ ဒေသခံ အပြစ်မဲ့ အရပ်သားပြည်သူများ၏ နေအိမ် အဆောက်အအုံ ၂၀ ခန့်မှာလည်း လုံးဝနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...