ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်းဒေသများဖြစ်သည့် ဖလူးနှင့် မင်းလက်ပံကျေးရွာတို့၌ ဇူလိုင်လ ၇ ရက် ညပိုင်းမှစတင်ကာ ညလုံးပေါက် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ် များက ပြောသည်။
ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် စစ်တပ်က မြဝတီမြို့ သင်္ဃန်းညီနောင်ဘက်မှတစ်ဆင့် စစ်ကားတန်းများ၊ ခြေလျင်စစ်ကြောင်းများဖြင့် စစ်ရေးတင်းမာနေသည့် လေးကေ့ကော်၊ ဖလူး၊ မင်းလက်ပံဘက်သို့ စစ်ကြောင်း ထိုး တက်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းတွင် အင်အား ၁,၀၀၀ ထက်မနည်း ပါဝင်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထား ကြသည်။
ထို့နောက် ထိုနေ့ ညပိုင်းတွင် စစ်တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်များ အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲသည် ယနေ့ ဇူလိုင်လ ၈ ရက် နံနက်ပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်များသာမက ဒရုန်း များဖြင့်ပါ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်သည်။
မင်းလက်ပံဒေသမှ သတင်းရင်းမြစ်တစ်ဦးက “ဘုရားကုန်း၊ ရဲကုန်း၊ ကျွန်းတော နေရာအစုံပဲ ပစ်နေကြတာ။ ဒီဘက် (ထိုင်းဘက်ခြမ်း) ကိုလည်း ကျတာတော့ ကျတယ်။ တော်တော်များတယ် ပစ်တာ။ အကြီးတွေ ဆက်တိုက်ပဲ။ ဘယ်ကျလဲဆိုတော့ အသေးစိတ်တော့ မသိရသေးဘူး။ အခြေအနေကတော့ ဆက်ကြမ်းဦးမယ့် သဘောရှိနေတယ်” ဟု ပြောသည်။
ထိုသို့ ပြင်းထန်သည့် လက်နက်ကြီးပစ်ခတ်သံများကို သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ မဲဆောက်နှင့် ဖုတ်ဖရမြို့များအထိ ကြားရပြီး နေအိမ်များပါ တုန်ခါမှုများ ဖြစ်ပေါ်နေကြောင်း မဲဆောက်မြို့၌ နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
“ဘယ်လောက်တောင် ဘာတွေနဲ့ ပစ်နေလဲမသိဘူး တစ်ညလုံးပဲ။ အိမ်တွေပါ တုန်တယ်။ အခုထိလည်း ပစ်တုန်း” ဟု ၎င်းက ယနေ့ နံနက်ပိုင်း၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲခန့်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်ဒေသတစ်လျှောက်ရှိ ကျေးရွာများအတွင်းသို့လည်း လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲမှု ရှိနေသော်လည်း အသေးစိတ် ထိခိုက်ပျက်စီးမှုကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
စစ်တပ်သည် KNLA ပူးပေါင်းတပ်များထံ လက်လွှတ်ထားရသည့် နယ်စပ်စခန်းများ ပြန်လည်ရရှိရေးနှင့် နယ်စပ် ဒေသကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စစ်ကြောင်းထိုး ထိုးစစ် ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။
မြန်မာဘက်ခြမ်း၌ တင်းမာနေသည့် စစ်ရေးအရိပ်အယောင်များကြောင့် ထိုင်းအာဏာပိုင်များကလည်း နယ်စပ်ဒေသ တစ်လျှောက်တွင် လုံခြုံရေးများ တင်းကျပ်ထားသည်။







