အင်းလေးတွင် ငလျင်ဒဏ်သင့် အိမ်အချို့ မပြုပြင်နိုင်သေး

အင်းလေးတွင် ငလျင်ဒဏ်သင့် အိမ်အချို့ မပြုပြင်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ လေးသောင်းခွဲအထိ ပေါက်ဈေး ရှိနေသဖြင့် ငလျင်ဒဏ်သင့်အိမ် အချို့ ယနေ့ထိ ပြန်လည်မပြုပြင်နိုင်သေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အင်းလေးဒေသတွင် နေအိမ်များ ရာနှင့်ချီ ပျက်စီးခဲ့သည်။

အင်းလေးဒေသတွင် ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝါးအိမ်တစ်လုံး ဆောက်လုပ်ရန် ကျပ်ငွေသိန်း ၅၀ခန့် ကုန်ကျနေပြီး မြေကားတစ်စီးလျှင်လည်း ကျပ်ငွေ ၃သိန်းအထိ ပေးနေရကြောင်း ဒေသခံများက ပြောသည်။ 

"အင်းလေးမှာ အိမ်တစ်လုံးဆောက်ရင် မလွယ်ဘူး၊ မြေထည့်ဖို့ ကားတစ်စီးကို သုံးသိန်း လက်သမားခက တစ်နေ့ ၄သောင်းခွဲ ဆိုတော့ အိမ်လည်းမပြင်နိုင်သေးဘူး၊ တချို့တွေကတော့ပြင်နေကြတယ်။ ကျနော်တို့ကတော့ စားဖို့တောင် အနိုင်နိုင်ဆိုတော့ မပြင်နိုင်သေးဘူး။"ဟု ‌အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အင်းလေးဒေသရှိ ဖွင့်လှစ်ထားသော ဟိုတယ်အများစုမှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး၊ ပြုပြင်စရိတ်ကြီးမားသဖြင့် ယနေ့ထိမပြုပြင်နိုင်ဘဲ ပိတ်ထားဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အင်းလေးတွင် ဆယ်ပြည်ပါ ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းခြောက်သောင်း အထိပေးနေရပြီး စက်လှေခသည်လည်း ငွေကျပ် ၅သောင်း အနိမ့်ဆုံးရှိကြောင်းသိရသည်။

ဆက်လက်ပြီး အင်းလေးဒေတွင် မိုးရက်ဆက်ရွာသွန်းသောကြောင့် ရေမျက်နှာပြင် ၃လက်မခန့်  အထိမြင့်တက်လာပြီး မိုးရာသီရောက်လျှင် ရေကြီးရေလျှံမှုများထပ်မံဖြစ်ပေါ်နိုင်သည့်အတွက်  ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း အင်းလေးဒသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

"မိုးနည်းနည်းရွာရင်တောင်  ရေကတက်တယ်။ ရေအောက်က နုံးတွေက မဆယ်တာကြာတော့ အပေါ်ကိုမြင့်လာတာ။ မိုးရွာရင် စိုက်ခင်းအကုန်ရေမြုပ်တယ်။ ခရမ်းချဉ်သီးခင်းတို့ ပြောင်းခင်းတို့ဆိုလည်း အကုန်မြုပ်ကုန်တယ်။ ဒီနှစ်ဘာမှ မစားရလောက်ဘူး၊အရင်နှစ်ကလို ရေတွေထပ်ကြီးနိုင်တော့ ပြောင်းရွှေ့ဖို့လည်း ပြင်ထားရသေးတယ်။"ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ကုန်ဈေးနူန်းမြင့်တက်မှုကြောင့် အင်းလေဒေသသို့ လာရောက်သည့် ခရီးသွားဧည့်သည် နည်းပါးလာပြီး ခရီးသွားအမှီပြုဈေးရောင်း နေသူများမှာလည်း ယမန်နှစ်ထက်  စားဝတ်နေရေး ပိုခက်ခဲလာကြောင်း ၎င်း အမျိုးသမီးက ပြောသည်။

အင်းလေးဒေသတွင် အမျိူးသမီးများ၏ တစ်နေ့လုပ်အားခ ငွေကျပ် (၈၀၀၀)သာ ရရှိပြီး၊ အမျိုးသားများမှာ အလုပ်ပေါ်မူတည်၍  ‌‌တစ်နေ့လုပ်အားခ ငွေကျပ် (၁၅၀၀၀)အထိရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ အင်းလေးဒေသတွင် သဘာဝဘေးဖြစ်သည့် ရေကြီးရေလျှံခြင်း၊ နွေရာသီတွင် ရေများခမ်းခြောက်ခြင်း လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ ငလျင်ဘေးဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်မျိုးစုံကို ဆက်တိုက်ကြုံတွေ့နေရကြောင်း သိရသည်။  

ထိုအချိန်မှစ၍ အင်းလေးဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ မဆောင်ရွက်နိုင်သေးဘဲ ဒေသခံများမှာ စာဝတ်နေရေးပြဿနာများကိုသာ ဉီးစားပေး ဖြေရှင်းရန် ရုန်းကန်နေကြရကြောင်း သိရသည်။ 

May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...
May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...