စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မှုနှင့် တောင်သူအကျပ်

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မှုနှင့် တောင်သူအကျပ်

စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်ဆနီးပါး တိုးမြှင့်ထုတ်ချေးပေးမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ စပါးတစ်ဧကလျှင် ၁ သိန်းခွဲကျပ်မှ ၃ သိန်းကျပ်အထိ တိုးမြှင့်ပေးလိုက်သော်လည်း မြေပြင်တွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စက်သုံးဆီ ဈေးနှုန်းများမှာ ထိုပမာဏထက် အဆမဆန် မြင့်တက်နေကြောင်း တောင်သူများက ပြောသည်။ 

ယခင်က လူသုံးများသည့် ယူရီယား ဓာတ်မြေသြဇာ တစ်အိတ်လျှင် ၉၀,၀၀၀ (ကိုးသောင်း) ကျပ်သာရှိရာမှ ယခုအခါ ၁၇၀,၀၀၀ (တစ်သိန်းခုနှစ်သောင်း) ကျော်၊ ကွန်ပေါင်း ဓာတ်မြေသြဇာ တစ်အိတ်လျှင် ၁၀၀,၀၀၀ (တစ်သိန်း) ကျော်သာရှိရာမှ ၂၀၀,၀၀၀ (နှစ်သိန်း) ကျော် မြင့်တက်သွားကြောင်း တောင်သူများထံမှ သိရသည်။

“ချေးငွေ သုံးသိန်းရတာ ကောင်းပါတယ်။ ဒါပေမယ့် မြေသြဇာခ၊ ထွန်ယက်ခ၊ ရိတ်သိမ်းခတွေကလည်း တက်နေတော့ ဒီငွေက စိုက်စရိတ်ရဲ့ တစ်ဝက်တောင် မရှိချင်တော့ဘူး” ဟု သျှမ်းတောင် တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

အစိုးရအနေဖြင့် ချေးငွေတိုးမြှင့်ပေးသည်ထက် မြေသြဇာဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်း ကျအောင်လုပ်ပေးသည်က တောင်သူများအတွက် ပိုမိုထိရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ထို့အပြင် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်ဆတိုးမြှင့်ပေးမည်ဟု ကြေညာထားသော်လည်း မြေပြင်ရှိ တောင်သူများအတွက် ထိရောက်မရှိသော လုပ်ဇာတ်တစ်ခုသဖွယ် ဖြစ်နေကြောင်း ပုံးအင်းလယ်သမားများက ပြောသည်။ 

“အခုလည်း မိုးစပါးစိုက်ဖို့တောင် အလုအယက် လိုနေပြီ၊ အခုမှ ချေးငွေထုတ်ပေးတာဆိုတာ ထိရောက်မှု မရှိဘူး။ အဲ့ငွေတွေကို ဘယ်မှာ သွားသုံးရမလဲ” ဟု ပုံးအင်းလယ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ထို့အပြင် ငွေထုတ်ချေးရာတွင်လည်း အခက်အခဲပေါင်းစုံ ရှိနေကြောင်း ဆိုသည်။ ယခုနောက်ပိုင်း ချေးငွေထုတ်ယူရာတွင် အမည်ပေါက်သူကိုယ်တိုင် လာရောက်ရမည်ဟူသော တင်းကျပ်သည့် စည်းကမ်းများကြောင့် သက်ကြီးရွယ်အို တောင်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း ၎င်းက ပြောသည်။ 

ယခင်ကလည်း စိုက်ပျိုးရေးအတွက် ၁၀ သိန်းချေးလျှင် အတိုးနှုန်းနှင့် ဘဏ်စုကြေးဟူသော ခေါင်းစဉ်များဖြင့် ကြိုတင်ဖြတ်ကောက်ခံရသည့်အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဝန်ဆောင်ခ ဖြတ်တောက်မှုများကြောင့် တောင်သူလက်ထဲသို့ ငွေအပြည့်အဝ မရောက်ရှိကြောင်း သိရသည်။ 

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီမှစတင်ကာ စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ရာ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်) လုပ်ငန်းများအတွက် တစ်ဧကလျှင် ကျပ် ၃ သိန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် ကျပ် ၂ သိန်းခွဲနှင့် ပန်းနှမ်း၊ ဆီအုန်း၊ ဂုန်လျှော်တို့အတွက် ကျပ် ၁ သိန်းခွဲအထိ အသီးသီး တိုးမြှင့်ပေးမည် ဖြစ်သည်။ 

ချေးငွေများကို မိုး၊ ဆောင်း၊ မိုးကြိုဟူ၍ ကာလ (၃) ခုခွဲခြားကာ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး စက်မှုလယ်ယာသုံး စက်ကိရိယာများအတွက်လည်း ကျပ်သိန်း ၁၀၀ မှ ၅,၀၀၀ အထိကို အတိုးနှုန်း ၆ ရာခိုင်နှုန်းဖြင့် ဝယ်ယူခွင့်ပြုမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လျှောက်ထားလိုသူများသည် အာမခံအဖြစ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်း တင်ပြရမည်ဖြစ်ပြီး တောင်သူလယ်သမားများနှင့် သမဝါယမအသင်းဝင်များကို ဦးစားပေးဆောင်ရွက်ပေးမည်ဟု သိရသည်။

စစ်ကော်မရှင်က စက်မှုလယ်ယာသို့ ကူးပြောင်းရန်အတွက် စက်ပစ္စည်း ချေးငွေများ ပေးသော်လည်း အပိုပစ္စည်းရှားပါးခြင်း၊ စက်ပစ္စည်း ဈေးနှုန်းများ ရာချီ၊ ထောင်ချီ မြင့်တက်နေခြင်းကြောင့် စက်ပစ္စည်းယူရန် ခက်ခဲနေကြောင်း တောင်သူများက ပြောသည်။ 

အစိုးရအနေဖြင့် ဓာတ်မြေသြဇာ၊ မျိုးစေ့နှင့် လယ်ယာသုံး စက်ကိရိယာများကို အခွန်အခလျှော့ပါ့၍ ကိုယ်တိုင်တင်သွင်း ဖြန့်ဖြူးခြင်းမှသာ တောင်သူများ၏ စိုက်ပျိုးစရိတ် အမှတ်တကယ် လျှော့ချပေးနိုင်မည်ဟု ဆိုသည်။ 

တောင်သူများသည် သီးနှံတစ်ခုကို အားတက်သရော စိုက်ပျိုးသော်လည်း ထွက်လာသည့်အချိန်တွင် ဝယ်လိုအားမရှိခြင်း၊ ပြည်ပဈေးကွက် မရရှိခြင်းတို့ကြောင့် ဈေးနှိမ်ခံရသည့်အခါ တောင်သူများမှာ အမြတ်မကျန်ရုံတင်မကဘဲ အကြွေးပါ တင်သွားကြောင်း ပုံးအင်းလယ်သမားများက ပြောသည်။ 

စိုက်ပျိုးစရိတ်ကြီးမြင့်သလောက် ထွက်လာသည့်သီးနှံမှာ ဈေးကွက်အာမခံချက်မရှိခြင်းကြောင့် တောင်သူများသည် အမြတ်မရှိဘဲ အရှုံးဘက်သို့သာ ဦးတည်နေကြောင်း ပုံးအင်းလယ်သမားတစ်ဦးက ဆက်ပြောသည်။

“အခုအခြေအနေက လူနာကို ခွဲစိတ်ခန်းပို့ရမှာကို ဆေးမီးတိုနဲ့ ကုနေသလိုပဲ” ဟု ၎င်းက ပြောသည်။ 

ပုံးအင်းဒေသအပါအဝင် သျှမ်းပြည်အတွင်းရှိ တောင်သူလယ်သမားများအတွက် ငွေကြေးအရင်းအနှီးထက် ပို၍ စိန်ခေါ်မှုရှိနေသည်မှာ သဘာဝဘေးအန္တရာယ်နှင့် လုပ်သားရှားပါးမှု ပြဿနာဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ပုံးအင်းဒေသတွင် သက်ဆိုင်ရာ ဆည်မြောင်းဝန်ကြီးဌာနက ရေနုတ်မြောင်းများကို လာရောက်တူးဖော် ပေးသော်လည်း ထိရောက်မှုမရှိဘဲ ဗန်းပြလုပ်ဆောင်ချက်လောက်သာ ရှိကြောင်း၊ ထိုကြောင့် နှစ်စဉ်ရေကြီးမှုဒဏ်ကို တောင်သူများ ခါးစည်းခံနေရကြောင်း သိရသည်။ 

လက်ရှိ မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများကြောင့် ကျေးလက်ဒေသများတွင် လုပ်သားအင်အား အလွန်အမင်း ရှားပါးနေသည်။ 

စစ်ကော်မရှင်သည် စိုက်ပျိုးစရိတ် ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးရန် ပြင်ဆင်နေသော်လည်း တောင်သူများအကြားတွင် အကြွေးသံသရာ ပိုရှည်လာမည်ကို စိုးရိမ်မှုများရှိနေသည်။

လက်ရှိမြေပြင်တွင် မြေဩဇာနှင့် စိုက်ပျိုးရေးကုန်ကျစရိတ် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေသဖြင့် ချေးငွေပမာဏ တိုးလာခြင်းသည် ပြဿနာ၏ အရင်းအမြစ်ကို မဖြေရှင်းနိုင်ပေ။ 

တောင်သူများအတွက် အမှန်တကယ် လိုအပ်နေသည်မှာ ကုန်ကျစရိတ်လျှော့ချပေးမည့် အစိုးရ၏ တိုက်ရိုက်ပံ့ပိုးမှုနှင့် ခိုင်မာသော ဈေးကွက် အာမခံချက်သာ ဖြစ်ကြောင်း တောင်သူများက ပြောသည်။

“တောင်သူတွေအတွက် အမြတ် နည်းနည်းလေး ကျန်ရင်တော့ ပျော်တာပေါ့။ အခုက တောင်သူတွေအတွက် အာမခံ ဈေးကွက်လည်း မရှိဘူး။ ကျနော်တို့လို အခြေခံလူတန်းစား တစ်ယောက်အတွက်တော့ ခေါင်းရှိရုံနဲ့ မလုံလောက်ဘူးလေ၊ ခြေထောက်မရှိရင် သွားလို့မရဘူး” ဟု ပုံးအင်းတောင်သူတစ်ဦးက ပြောသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...