နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်” တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံရုံးက မေ ၆ ရ က်တွင်ထုတ်ပြန်သည်။
“ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့သည့်သတင်းများကို ကြားသိရပါသည်။ သူမအား မိသားစုနှင့်ဆက်သွယ်ခွင့်ပြုရန်၊ သူမ၏ရှေ့နေများနှင့်တွေ့ဆုံခွင့်ပြုရန်နှင့် သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုတို့ရရှိစေရန် မိမိတို့မျှော်လင့်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။
ထို့ပြင် “သူမကို ခြွင်းချက်မရှိလွှတ်ပေးရန်နှင့် မတရားသဖြင့်ထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးရန် မိမိတို့ဆက်လက်တောင်းဆိုသည်” ဟု ဖော်ပြထားသည်။
ယင်းပြင် အကြမ်းဖက်မှုများရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီများကို လုံခြုံစွာ အဟန့်အတားမရှိ လက်လှမ်းမီစေရန်နှင့် သက်ဆိုင်သူများအကြား အားလုံးပါဝင်သော ဆွေးနွေးမှုလုပ်ဆောင်ရန် ထပ်လောင်းတောင်းဆိုကြောင်းလည်း ဖော်ပြထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စုထံ “ဓားစာခံအဖြစ် ရှိနေဆဲ” ဖြစ်ကြောင်း၊ အသက်ရှင်နေသေးပါက သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကလည်း တောင်းဆိုလျက်ရှိသကဲ့သို့ သပိတ်အဖွဲ့များနှင့် ပြည်သူများကလည်း Proof of Life လှုပ်ရှားမှုကို ဆက်လုပ်ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မိသားစု၊ ရှေ့နေများနှင့် ပုံမှန်တွေ့ဆုံခွင့်ပေးရန်နှင့် “အကြွင်းမဲ့” လွှတ်ပေးရန် ဉရောပသမဂ္ဂ (EU) ကလည်း မေလ ၃ ရက်နေ့က တောင်းဆိုထားသည်။
ထို့ပြင် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ထပ်မံတိုက်တွန်းထားကြသည်။
စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များအား ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ကြောင်း ဓာတ်ပုံတပုံနှင့်အတူ ဧပြီလ ၃၀ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု ၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်မပေးဘဲ အဆက်အသွယ်ဖြတ်တောက်ထားခြင်းဖြစ်ပြီး ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး စာဖြင့်အကြိမ်ကြိမ်တင်ပြတောင်းဆိုနေသော်လည်း အကြောင်းပြန်ခြင်း မရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများက မေလ ၁ ရက်နေ့တွင် မဇ္ဈိမကို ဖြေဆိုထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထောင်ဒဏ် နှစ်နှစ်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ခဲ့သည်။
ထို့နောက် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့နှင့် ယနေ့ (ဧပြီ ၃၀) တို့တွင် ပြစ်ဒဏ်ခြောက်ပုံတပုံ လျှော့သည့်အထဲ ပါဝင်ခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၁၈ နှစ် ၉ လ ဆက်လက်ချမှတ်ခံထားရကြောင်း သိရသည်။







