လူထုအခက်အခဲ လာရောက်တင်ပြကြဖို့ MUP အမတ်တွေ ဖိတ်ခေါ်

လူထုအခက်အခဲ လာရောက်တင်ပြကြဖို့ MUP အမတ်တွေ ဖိတ်ခေါ်

မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို လာရောက်ဆွေးနွေးတင်ပြကြဖို့ မွန်ညီညွှတ်ရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဖိတ်ခေါ်လိုက်ပါတယ်။

ဒေသတွင်း လိုအပ်ချက်တွေနဲ့ လူထုရဲ့ အခက်အခဲပြဿနာတွေကို အနီးကပ် နားထောင်ပြီး အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ မြို့နယ်ပါတီရုံးတွေမှာ လွှတ်တော် ကိုယ်စားလှယ်ရုံးခန်းတွေ ဖွင့်လှစ်ထားတယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို တိုက်ရိုက်လာရောက် ဆက်သွယ်တင်ပြနိုင်ပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ အမတ်တွေက ဖိတ်ခေါ်ထားပါတယ်။

မုဒုံ ဒေသခံ တစ်ဦး ကတော့ ပြည်သူတွေရဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်ရုံးခန်းအထိ သွားစရာ မလိုကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေသာ မြေပြင်ထိ ကွင်းဆင်း ဆောင်ရွက်ပေးဖို့ လိုနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အရင်ခေတ်ကောင်းတုန်းကဆိုလို့ရှိရင် နိုင်ငံရေး ကောင်းတုန်းကဆိုရင် လွှတ်တော် အမတ်တွေက ကွင်းဆင်းတာမျိုး လုပ်တယ်။ ရုံးမှာ ဆိုတာက သွားစရာ မလိုဘူးလေ။ ကျွန်တော်တို့ လက်ရှိ အခက်အခဲ ဖြစ်နေတဲ့ နေရာတွေကို ဆိုလို့ရှိရင် ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်း လေ့လာတာ ပိုပြီးတော့ အဆင်ပြေတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ လွှတ်တော် ကိုယ်စားလှယ်ရုံးခန်းတွေ ဖွင့်လှစ်ထားပါတယ်။

ရေး ဒေသခံတစ်ဦးကလည်း လွှတ်တော်ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်တာဟာ ပြည်သူ့အသံကို နားမထောင်ဘဲ စာကိုပဲ လက်ခံမယ့် သဘော ရှိသလို ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူကို လာရောက် တွေ့ဆုံတာ မရှိတာကြောင့် အမှန်တရားနဲ့ အလှမ်းဝေးနေဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်ညီညွတ်‌ရေးပါတီက ကိုယ်စားလှယ်ရုံး ဖွင့်တယ်ဆိုတာ အဓိကက တိုင်စာတွေ လက်ခံဖို့ပေါ့။ ပြည်သူ့ အသံကို နားမထောင်ဘဲနဲ့ ပြည်သူ့ စာကိုပဲ လက်ခံမယ့် သဘောရှိနေတယ်။အခုချိန်ထိ ကျွန်တော်တို့ မြို့ဆိုလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေက တစ်ယောက်မှ ပြည်သူနဲ့ လာရောက် ထိတွေ့တာလည်း မရှိဘူး။အဲဒီတော့ တချို့ ကိစ္စတွေ အမှန်တရားနဲ့ အလှမ်းဝေးနေဦးမယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်းမှာ ဖြစ်ပေါ် နေတဲ့ စီးပွားရေး အကျပ်အတည်းတွေ၊ စားဝတ်နေရေး ပြဿနာတွေ၊ စစ်မှုထမ်းကြောင့် လူငယ်တွေ ဖမ်းဆီးခံရတာ၊ ဆိုင်ကယ် အမျိုးသား နှစ်ယောက် မစီးရလိုမျိုး ဒေသန္တရ အမိန့်တွေကိုတောင် မဖြေရှင်း ပေးနိုင်ဘဲ ရုံးမှာ ထိုင်ပြီး အခက်အခဲတွေ တင်ပြနိုင်တယ်ဆိုတာဟာ ဟာသ တစ်ခုလို ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို မွန်ညီညွတ်ရေးပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းတွေ ဖွင့်လှစ်ပြီး လူထုအခက်အခဲ ဖြေရှင်းသွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ ပြောခွင့်ရ နိုင်သန်းရွှေကို သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ်ဦးဆောင်ကျင်းပတဲ့ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ နေရာနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားတဲ့ ပြည်နယ်အခြေစိုက် ပါတီတစ်ခုလည်း ဖြစ်ပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...