မယ်သီလရှင်ဝတ်စုံဖြင့် သရုပ်ဖော်သည့်အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်

မယ်သီလရှင်ဝတ်စုံဖြင့် သရုပ်ဖော်သည့်အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်

Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့် သရုပ်ဖော်ယှဉ်ပြိုင်မှုကြောင့် ဝေဖန်ခံနေရသည့် အလှမယ်ကို မေလ ၅ ရက်တွင် ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်း Miss Grand Myanmar Organization က ကြေညာသည်။

ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရသည့် အလှမယ်သည် တာချီလတ်မြို့ ကိုယ်စားပြုယှဉ်ပြိုင်နေသည့် အလှမယ် အိမွန်လွင် ဖြစ်ပြီး၊ ၎င်းသည် မေလ ၄ ရက်က ကျင်းပခဲ့သည့် အမျိုးသားဝတ်စုံပြိုင်ပွဲ (National Costume) တွင် မယ်သီလရှင်ဝတ်စုံ ဝတ်ဆင်ကာ သရုပ်ဖော်ယှဉ်ပြိုင်ခဲ့သည်။

Miss Grand Myanmar Organization သည် အလှမယ်များနှင့် ၎င်းတို့၏ သက်ဆိုင်သည့် City Dierctor များအား မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအား အကြည်အညိုမဲ့စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် အသေးစိတ် မှာကြားခဲ့ပြီး ဖြစ်ကြောင်း ဆိုထားသည်။

“ တာချီလိတ်အလှမယ်သည် စာချုပ်ပါ စည်းကမ်းများလျစ်လျူရှုခြင်း၊ မြန်မာပြည်လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင့် ပြုရာရောက်စေသည့် အချက်များကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း” Miss Grand Myanmar Organization ၏ National Director ဦးမရန်ဆိုင်းနော် က လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

တာချီလိတ်အလှမယ်သည် မေလ ၄ ရက် ကျင်းပမည့် အမျိုးသားဝတ်စုံပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်မှု နှစ်ကြိမ်လုံးတွင် မယ်သီလရှင်ဝတ်စုံဖြင့် သရုပ်ဖော်မှုအား ပြသခြင်း မရှိသလို တာဝန်ရှိသူများကိုလည်း ယင်းသို့ သရုပ်ဖော်မည့် အစီအစဉ်ကို ကြိုတင်အကြောင်းကြားထားမှုမရှိကြောင်း ဆိုသည်။

အလှမယ်တဦး မယ်သီလရှင်ဝတ်စုံဖြင့် သရုပ်ဖော်ယှဉ်ပြိုင်သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာပြီး လူမှုကွန်ရက်သုံးစွဲသူများက ပြင်းထန်စွာ ဝေဖန်မှုများ ရှိလာချိန် ယခုကဲ့သို့ ပြိုင်ပွဲမှ ထုတ်ပယ်ခံရသည့် ဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဗီဒီယိုဖိုင်တွင် အလှမယ် အိမွန်လွင်သည် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအစဉ်အလာအရ နားသမင်္ဂလာပြုလုပ်ခြင်း၊ မယ်သီလရှင်ဝတ်ကာ တရားအားထုတ်နေသည့် ပုံစံများအား သရုပ်ဖော်နေပုံများ ပါဝင်သည်။

သို့သော် လူမှုကွန်ရက် သုံးစွဲသူများက မယ်သီလရှင် ဝတ်စုံဖြင့် သရုပ်ဖော်သည့် အလှမယ်ကို ထုတ်ပယ်ခြင်းအပြင် တာဝန်ရှိသည့် အဖွဲ့အစည်းကိုပါ အရေးယူပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် Miss Grand Myanmar Organization အား ဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

Miss Grand Myanmar 2026 ပြိုင်ပွဲကို ဧပြီလ ၅ ရက်နေ့မှ စတင်ကာ အစီအစဉ် ၁၁ ခုဖြင့် ကျင်းပမည်ဖြစ်ပြီး အလှမယ် ၂၇ ဦး ပါဝင်ယှဉ်ပြိုင်နေကြောင်း Miss Grand Myanmar အဖွဲ့အစည်းတာဝန်ရှိသူ မရန်ဆိုင်းနော်က ဧပြီလ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

နောက်ဆုံးယှဉ်ပြိုင်မှုကို မေလ ၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အနိုင်ရရှိသူသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Miss Grand International 2026 ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...