ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ကဗျာ၊ ဆောင်းပါးနှင့် ဝတ္ထုတိုပြိုင်ပွဲတွင် ဆုရစာမူများအား "ရက္ခဝဏ္ဏစာပီကဗျာ"က ဧပြီလ (၂၂) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဆုရစာမူများအနက် ကဗျာကဏ္ဍတွင် ကဗျာ(ကာရန်)ပထမဆုကို ရွှီသဲဖြူ (ပီးဆပ်ခြင်း၏သန္နိဋ္ဌာန်)၏ ရောင်နီပျိုးချိန် (လင်္ကာ)၊ ဒုတိယဆုကို မေလမု (ကျောက်တော်)၏ အမျိုးဂုဏ်ဆောင် မောင်သာအောင် (လင်္ကာ)၊ တတိယဆုကို ရိုးဂုဏ် (ဦးရာဇ်မြီ)၏ မော်ကွန်းစိုက်ထူ သူပုန်ဖြူ (လင်္ကာ)၊ အထူးဆု (၁) ကို စိုးမင်းဦး (မုနိမြေ)၏ အာရက္ခတပ်တော် (ရွှန်းလိုက်ရတု)၊ အထူးဆု (၂) ကို မြတ်မင်းမောင် (ရခိုင်စာပီဆုရ)၏ အာရက္ခဂုဏ်ရည် (ပိုဒ်စုံရတု)စသည့်ကဗျာများက ရရှိသွားခဲ့သည်။
ကဗျာ(မော်ဒန်) ပထမဆုကို မင်းနိုင်စိုး၏ နှလုံးသွီးနန့်ထုဆစ်ထားရေ ဆယ့်ခုနစ်နှစ်မြောက် ဒဏ္ဍာရီ၊ ဒုတိယဆုကို သျှင်ဦး၏ အဖမြီ တဖန်နိုးထဗျာယ်၊ တတိယဆုကို သန္တာအောင် (ဖရုံကာ)၏ တုံ့ပြန်ဖို့အတွက် ငုံ့ခံလာရေလူမျိုး၊ အထူးဆု (၁) ကို အောင်မြင့်ချေ (စိုင်းဒင်မြီ)၏ လူသားထဲကလူ၊ အထူးဆု (၂) ကို ရိုးမဝတီ (လခြမ်းမြီ)၏ သွေးသစ္စာသောက်ခရေနိ (သို့) AA မွီးဖွားခရေနိ စသည့်ကဗျာများက ရရှိသွားခဲ့သည်။
ဆောင်းပါးကဏ္ဍတွင် ပထမဆုကို လှကြိုင်၏ (၁၇) နှစ်သားတပ်တော်နန့် အာရက္ခရို့ပဲ့ကိုင်သျှင်၊ ဒုတိယဆုကို ဒီယို၏ ဧပြီ (၁၀)နှင့် တတိယဆုကို မင်းအဂ္ဂ၏ ရခိုင်သားတိုင်း AA ထံ စစ်မှုထမ်းသင့်သလား စသည့်စာမူများက ဆုအသီးသီးရရှိသွားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဝတ္ထုတိုကဏ္ဍတွင် ပထမဆုကို နရမိတ်လှ၏ အညတရစစ်သည်တစ်ယောက်၏ အိမ်အပြန်၊ ဒုတိယဆုကို ဝိုင်းချစ်၏ အတ္တဧ့အလွန်၊ တတိယဆုကို ထွန်းခိုင် (ကျိန်းရိပ်)၏ ပီးဆပ်ခြင်းအနုပညာ၊ အထူးဆုအနေဖြင့် ZA (ပေါက်အင်းမြေ)၏ စိတ်နောက်က အိပ်ငိုက်ပနာ လိုက်ခရာ စသည်တို့မှ ရရှိသွားခဲ့သည်။
ဆောင်းပါးကဏ္ဍဒုတိယဆုရှင် မင်းအဂ္ဂက “အခုလို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာကို ကျေးဇူးတင်ဂုဏ်ယူရပါတယ်။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီလိုမျိုး ပြိုင်ပွဲက လုပ်ပေးသင့်ပါတယ်။ ဒါမှ ရခိုင်စာပေအရေးအသားတွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ဝါသနာရှင်လူငယ်တွေအနေနဲ့လည်း ဒီလိုမျိုးပြိုင်ပွဲတွေမှာဝင်ပြိုင်ရင်း ကလောင်သွေးသင့်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ရက္ခဝဏ္ဏစာပီကဗျာက ဦးဆောင်ပြုလုပ်သည့် ကဗျာ၊ ဝတ္ထုတိုနှင့် ဆောင်းပါးစာမူပြိုင်ပွဲကို ပြီးခဲ့သည့် ဧပြီလ (၁ဝ) ရက်တွင်ကျရောက်ခဲ့သည့် အာရက္ခတပ်တော်(AA)၏ (၁၇) နှစ်မြောက်နေ့အထိမ်းအမှတ်အဖြစ် စာမူများဖိတ်ခေါ်ပြီး ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
အဆိုပါစာပေကဗျာပြိုင်ပွဲတွင် ကာရန်ကဗျာကဏ္ဍအတွက် ပထမဆု - ၃၀၀,၀၀၀ ကျပ်၊ ဒုတိယဆု - ၂၀၀,၀၀၀ ကျပ်နှင့် တတိယဆု -၁၀၀,၀၀၀ ကျပ်၊ မော်ဒန်ကဗျာကဏ္ဍအတွက် ပထမဆု - ၃၀၀,၀၀၀ ကျပ်၊ ဒုတိယဆု - ၂၀၀,၀၀၀ ကျပ်နှင့် တတိယဆု - ၁၀၀,၀၀၀ ကျပ်၊ ဆောင်းပါးကဏ္ဍအတွက် ပထမဆု- ၃၀၀,၀၀၀ ကျပ်၊ ဒုတိယဆု- ၂၀၀,၀၀၀ ကျပ်နှင့် တတိယဆု- ၁၀၀,၀၀၀ ကျပ်၊ ဝတ္ထုတိုကဏ္ဍအတွက် ပထမဆု - ၄၀၀,၀၀၀ ကျပ်၊ ဒုတိယဆု - ၂၀၀,၀၀၀ ကျပ်နှင့် တတိယဆု -၁၀၀,၀၀၀ ကျပ် အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်သည်။
အာရက္ခတပ်တော်(AA)၏ (၁၇) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို)ကလည်း စာပေပြိုင်ပွဲတွင် ယခုဧပြီလအတွင်း ပြုလုပ်ခဲ့သေးသည်။
ပြီးခဲ့သည့် ဧပြီလ (၁၀)ရက်နေ့သည် အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်နေ့ဖြစ်သည်။
AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်ရာ လိုင်ဇာတွင် မျိုးချစ်ရက္ခိုင်လူငယ် (၂၆) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
စတင်ဖွဲ့စည်းစဉ်က တပ်ဖွဲ့ဝင် (၂၆) ဦးနှင့် သေနတ်တစ်လက်သာရှိကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။
လက်ရှိ ရခိုင်ဒေသအတွင်း AA သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်သုံးမြို့သာကျန်ရှိပြီး ကျန်သိမ်းပိုက်မြို့နယ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။







