လျှပ်စစ်မီးပြတ်တောက်နေတဲ့မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ်အသုံးပြုသူတွေ အခက်ကြုံ

လျှပ်စစ်မီးပြတ်တောက်နေတဲ့မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ်အသုံးပြုသူတွေ အခက်ကြုံ

လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ လျှပ်စစ်အားဖြည့်သွင်းဖို့ အခက်ကြုံတွေ့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘက်ထရီဆိုင်ကယ် အားသွင်းပေးတဲ့ဆိုင်တွေမှာ အားသွင်းနေချိန် ဆိုင်ကယ်ပျောက်မှာ စိုးရိမ်နေရတာတွေ၊ အချိန်မပေးနိုင်တာတွေ-စတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာလို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဘက်ထရီသွားသွင်းတာတော့ ဟုတ်ပြီ။ ဒါပေမဲ့ မစောင့်ကြည့်နိုင်ကြဘူး။  ဘက်ထရီဆိုင်ကယ်တွေပျောက်မှာက ကြောက်နေရတယ်။ စောင့်ကြည့်နေရင်လည်း တစ်ဖက်မှာ လုပ်ကိုင်စားသောက်ရတာဆိုတော့ အလုပ်လစ်ဟာတာတွေရှိတယ်။”လို့အထက်ပါ အမျိုးသမီးက ပြောပါတယ်။

တချို့ လျှပ်စစ်အားသွင်းပေးတဲ့ဆိုင်တွေနဲ့ အခမဲ့လျှပ်စစ်အားသွင်းပေးတဲ့နေရာတွေမှာ မိမိဆိုင်ကယ်မိမိတာဝန်ယူစောင်ကြည့်ဖို့နဲ့ ပျောက်ဆုံးရင်တာဝန်မယူကြောင်း ပြောဆိုထားတာပါ။

ဘက်ထရီဆိုင်ကယ်တွေကို ဆိုလာနဲ့ မီးစက်အသုံးပြုပြီး သွင်းပေးရတာကြောင့် ဘက်ထရီအားကို အပြည့်အဝ မသွင်းနိုင်တာတွေလည်း ရှိတယ်လို့သိရပါတယ်။ ဘက်ထရီဆိုင်ကယ်အားပြည့် ဖြည့်သွင်းနိုင်ဖို့အတွက်ဆိုရင် အချိန် ၆ နာရီကြာမြင့်ပါတယ်။

ဆိုလာနဲ့ မီးစက်အသုံးပြုပြီး လျှပ်စစ်အားသွင်းပေးရတဲ့အတွက် သွင်းပေးနိုင်တဲ့ ဆိုင်ကယ်အစီးရေ သတ်မှတ်လိုက်ရတာဖြစ်ပြီး သတ်မှတ်ထားတာထက်ကျော်လွန်ပြီး သွင်းပေးလိုက်ရင် မိမိနေအိမ်အလုပ်တွေအတွက်လည်း လျှပ်စစ်အားမလုံလောက်တာတွေ ရှိနေတယ်လို့ လျှပ်စစ်အားသွင်းပေးတဲ့သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ရဲ့ ရပ်ကွက်တချို့တွေမှာ သောက်သုံးရေအတွက် ရေတင်ဖို့လိုအပ်တဲ့ ပြည်သူတွေကို ဘာသာရေးအဖွဲ့တွေကနေ မီးစက်တွေနဲ့ ရေလိုက်တင်ပေးတာတွလည်း ရှိတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့က ပြည်သူတွေအချင်းချင်းကတော့ တတ်နိုင်တဲ့ဘက်ကနေ လျှပ်စစ်အားအခမဲ့သွင်းပေးတာတွေ ရေအခမဲ့ပေးဝေတာတွေ ပြုလုပ်နေကြတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။

မြစ်ကြီးနားခရိုင်နဲ့ မိုးညှင်းခရိုင်ကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ ချီဖွေရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ပြုပြင်ထိန်းသိမ်းမှာဖြစ်တဲ့အတွက် ဧပြီလ ၁၈ ရက်ကနေ မေလ ၁ ရက် နေ့အထိ (နှစ်ပတ်ခန့်အကြာ) လျှပ်စစ်မီးဖြတ်တောက်ထားမယ်လို့ ဘူဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက စာထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ဆို ၅ ရက်မြောက်နေ့ရှိပါပြီ။

ပြီးခဲ့တဲ့နှစ်တွေက ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ဂိတ်တွေကို ပိတ်ထားတဲ့အပြင် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စက်သုံးဆီတွေ အလုံအလောက်မဝင်နိုင်တော့ဘဲ မြစ်ကြီးနားမြို့မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေဟာ စက်သုံးဆီထည့်သွင်းမောင်းနှင်ဖို့ မလိုအပ်တဲ့ ဘက်ထရီဆိုင်ကယ်ကို အိမ်တိုင်းလိုလို ဝယ်ယူအသုံးပြုမှုတွေ များလာတာလည်း ဖြစ်ပါတယ်။

May 30, 2026
ခါကာဘို — ကချင်ပြည်နယ်မြောက်ဖျားက နှင်းဖုံးတောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုဒေသကို...
May 29, 2026
စိုင်းခေ — ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေကို အထိရောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ခဲ့သူတွေထဲ...
May 29, 2026
စစ်အုပ်စုရဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး လုပ်ဆောင်နေမှုကို...
May 28, 2026
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ရေးအခြေအနေရ ပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းပိုင်းကို ကျောင်းသူ/...