ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ဧပြီ (၁၉) ရက်နေ့တွင် နှစ်ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရဟန်းသံဃာတော်သုံးပါးနှင့် အပြစ်မဲ့အရပ်သား ၁ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ၎င်းရွာဘုန်းကြီးကျောင်းမှ ရဟန်းသံဃာသုံးပါး ဒဏ်ရာရသွားပြီး အရပ်သားဒဏ်ရာရမှုတွင် ဒေသခံအမျိုးသားရှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကော်မရှင်လေတပ်သည် ကျောက်ဆည်ပြင်ကျေးရွာအနီးဝန်းကျင်ကို ယနေ့ နံနက် (၁၀) နာရီခန၌ ပထမတစ်ကြိမ် ပေါင် (၅၀၀) ဗုံး နှစ်လုံးဖြင့် ဂျက်တိုက်လေယာဉ်က လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ (၁၂) နာရီခွဲတွင်လည်း ဒုတိယတစ်ကြိမ်အဖြစ် ကျောက်ဆည်ပြင်ရွာ ဘုန်းကြီးကျောင်းကို ပေါင် (၅၀၀) ဗုံးနှစ်လုံးဖြင့် ဂျက်လေယာဉ်က လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသည့် စာရေးဆရာ ကိုဝေဟင်အောင်က နိရဉ္စရာကို ပြောသည်။
"အဲရွာမှာကျရင် မြိုအမျိုးသားတွေအဓိကနေထိုင်တဲ့ကျေးရွာဖြစ်တယ်။ အဲရွာကို ဆယ်နာရီပတ်ဝန်းကျင်လောက်က ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒုတိယအကြိမ် လာပြီးတော့ ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ အဲရွာကိုထပ်ပစ်တယ်။ ဒီခေါက်မှာတော့ ဘုန်းကြီးကျောင်းကိုတိုက်ရိုက်ထိမှန်ခဲ့တဲ့အတွက် အထဲမှာရှိတဲ့ သိမ်လည်းလုံးဝပျက်စီးသွားတယ်။ အဲမှာ စုစုပေါင်း (၁၃) ဦး ဒဏ်ရာရတယ်။ အဲမှာ ရဟန်းသံဃာသုံးပါး၊ အမျိုးသမီးနှစ်ဦး၊ ယောက်ျားရှစ်ဦးဆိုပြီးတော့ ကျနော်တို့သိထားတဲ့ဟာရှိပါတယ်"ဟု ပြောသည်။
၎င်းအပြင် နွားငါးကောင်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး တစ်ကောင်မှာ ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း ဆိုသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့ကိုလည်း အကြမ်းဖက်မြန်မာလေတပ်က ယနေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာသုံးစီးဖြင့် ပေါင် (၅၀၀)၊ ပေါင် ၃ဝဝ နှင့် ပေါင် ၂ဝဝ စသည့် ဗုံး ၁၁ လုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကိုဝေဟင်အောင်က "ပုဏ္ဏားကျွန်းမြို့ဆိုတာက စစ်ဘေးရှောင်တွေများတယ်။ လူနေထိုင်တာကတော့ သိပ်မရှိသလောက်ပါဘဲ။ အဲမှာ အဓိကထိတာကကျရင် လူနေရပ်ကွက်တွေကိုပစ်ခတ်ခဲ့တဲ့အတွက် အိမ်တချို့ပျက်စီးတဲ့ဟာရှိတယ်။ ပြီးတော့ ဓါတ်အားခွဲစက်ရုံကိုထိခိုက်ခဲ့တာရှိတယ်။ န.တ.လ ကျောင်းကို ထိခိုက်ပျက်စီးခဲ့တာရှိတယ်" ဟု ဆက်ပြောသည်။
အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီသည် စစ်ရေးအထိနာနေ၍ ရှုံးမဲမဲကာ လူနေကျေးရွာများကို တစ်နေ့ထက် တစ်နေ့ တိုက်ခိုက်မှုပိုလုပ်လာနေသည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ တိုက်ခိုက်ရာတွင်လည်း အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ ဆေးရုံဆေးခန်း၊ ဈေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများအားပစ်မှတ်ထား၍ ရေကြောင်း၊ လေကြောင်းနှင့် မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။







