ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်မှုသည့် လက်ရှိတော်လှန်ရေးခရီးစဥ်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ချင်းတော်လှန်ရေးခေါင်းဆောင်များကပြောဆိုသည်။
မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့က သမ္မတ ဦးဝင်းမြင့် အပါအဝင် အကျဥ်းကျနေသူများလွှတ်ပေးမှုအပေါ် ၎င်းတို့၏ သဘောထားများကို ပြောဆိုခြင်းဖြစ်သည်။
“အခု အာဏာရှင်တွေကနေ မတရားအစိုးရဖွဲ့ပြီးတော့ ဘယ်သူမှ အသိအမှတ်မပြုတဲ့ အစိုးရအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုတာတွေဟာ နိုင်ငံရေးအရ အမြတ်ထုတ်တာပဲရှိတယ်၊ ဒီလိုလုပ်လိုက်လို့ နွေဦးတော်လှန်ရေး နိုင်ငံရေးအခင်းအကျင်းကို အကျိုးပြုမှာမဟုတ်ဘူး” ဟု ချင်းအမျိုး သားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမကိုပြောသည်။
သို့သော် လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အနေဖြင့် ယခုကဲ့သို့ သမ္မတအပါအဝင် အပြစ်မဲ့သူများ လွတ်မြောက်မှုအပေါ် ကြိုဆိုသည် ဟုလည်း ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်မျိုး လွှတ်ပေးပါက နိုင်ငံတကာအနေဖြင့် စိတ်ဝင်စားနိုင်သော်လည်း ယင်းလုပ်ရပ်မျိုးဖြင့် ထောက်ခံမှုနှင့် နွေဦးတော်လှန်ရေးလမ်းစဥ်အပေါ် ပတ်သက်မှုရှိနိုင်မည်မဟုတ်ကြောင်း ဆလိုင်းထက်နီ က ဆက်ပြောသည်။
အလားတူ လွတ်မြောက်လာသူများအတွက် ဝမ်းသာသော်လည်း ဆက်လက်ရုန်းကန် အားထုတ်ကြရမည်ဖြစ်ကြောင်း ချင်းညီနောင်(CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန် က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။
“နဂိုကတည်းက မတရားဖမ်းဆီးစရာအကြောင်းမရှိ ၊ ထောင်ထဲထည့်နှိပ်စက်စရာအကြောင်းမရှိ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ပြောင်းသည်ဖြစ်စေ ၊လွှတ်ပေးသည်ဖြစ်စေ တော်လှန်ရေး ဆက်ရှိနေမည်သာဖြစ်သည်” ဟု ၎င်းကဆိုသည်။
မတရားဖမ်းဆီးခံရသူများအားလုံး လွတ်မြောက်ရေး၊ စစ်ရာဇဝတ်မှုကျူးလွန်သူများ တရားဥပဒေနှင့်အညီ အပြစ်ပေးရေး၊ တရားမျှတသောအုပ်ချုပ်ရေး၊ တရားစီရင်ရေး ၊ ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းခွင့်ရရှိရေး ၊ ငြိမ်းချမ်းတည်ငြိမ်ရေး၊ လွတ်လပ်မှု ၊ တန်းတူညီမျှမှု ၊ တရားဥပဒေ ထွန်းကားရေးအပါအဝင် ပြည်သူများအတွက် လုံခြုံဘေးကင်းစွာ နေထိုင်သွားလာနိုင် ရေးများအတွက် ဆက်လက်ရုန်းကန်အားထုတ်ကြရမည်ဖြစ်ကြောင်း ဆလိုင်းယောမန်က ရေးသားထားသည်။
သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသားအချို့ မိသားစုနှင့် ပြန်လည်ဆုံစည်းရသည်ကို ဝမ်းမြောက်ကြောင်းနှင့် ခေတ်ပြောင်းစနစ်ပြောင်းစေရန် ဦးတည်ဆောင်ရွက်နေသည့် နွေဦးတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ ဆုံးခန်းတိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
၎င်းအပြင် ကချင်း၊ ကရင်နီ ၊ကရင် ၊ ချင်း ၊ CRPH၊ NUG တို့ပါဝင်သည့် ‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ’၏ ပူးတွဲထုတ်ပြန်ခဲ့သော နွေဦးတော်လှန်ရေး၏ နိုင်ငံရေးရပ်တည်ချက်များကို ဆက်လက်စွဲကိုင်သွားမည်ဟု ဆိုသည်။
အဆိုပါ နိုင်ငံရေးဘုံသဘောထားများမှာ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးအရ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရန် ၊ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းရန်နှင့် ယင်းကိုပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှကို တိုက်ဖျက်ရန်ဖြစ်သည်။
၎င်းအပြင် သက်ဆိုင်သူအားလုံးလက်ခံသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းရန်နှင့် ယင်းဖွဲ့စည်းပုံနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးလုပ်ငန်းစဥ်များကို ဖော်ဆောင်ရန်တို့ ဖြစ်ကြောင်း သိရသည်။







