ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မင်းလက်ပံကျေးရွာရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်မှု) အဆောက်အဦများကို ဝင်ရောက်ရှင်းလင်းခဲ့ပြီးနောက် အဆိုပါ လုပ်ငန်းများသည် သေ့ဘောဘိုးဒေသသို့ ရွှေ့ပြောင်းကာ အခြေချရန် ပြန်လည်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေဖြစ်ပြီး ကေအဲန်ယူက အသစ်ဖွဲ့စည်းလိုက်သည့် မြဝတီမြို့နယ်အတွင်း ပါဝင်နေသည့် သေ့ဘောဘိုးကျေးရွာနှင့် အနီးဝန်းကျင်တွင် အဆောက်အဦသစ်များကို အလျင်အမြန် ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
သေ့ဘောဘိုးဒေသခံ ရွာသားတစ်ဦးက “အခု ကျနော်တို့ရဲ့ သေ့ဘောဘိုး ကစယ်ဖါသူး ရဲ့ ခြေရင်းမှာ လင်းလင်း လက်လက် ပါပဲ။ အဆောက်အဦး တည်ဆောက်ခဲ့တာ တစ်လကျော်ကြာပြီ။ ဆက်ပြီး ဆောက်တုန်းပါပဲ။ တချို့ပြီးနေပြီ။ သူတို့ အဆောက်အဦး ဆောက်တာတအားမြန်တယ်။ တစ်နေရာ ကတော့ ကစယ်ဖါးသူး ခြေရင်းမှာ၊ နောက်တစ်နေရာက သေ့ဂေထလို့ခေါ်တဲ့ တော်အူထ ဘက်ကိုသွားတဲ့ လမ်းဘက်မှာပါ ” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် အဆိုပါလုပ်ငန်းရှင်များသည် ၎င်းဒေသရှိ ဒေသခံပိုင်မြေများကို စိတ်ကြိုက်စျေးပေးကာ လိုက်လံ ဝယ်ယူနေသဖြင့် အချို့ဒေသခံများမှာ မြေစျေးကောင်းခြင်းကြောင့် မိမိတို့၏ ပြောင်းခင်းများကို ရောင်းချနေကြသူများလည်းရှိသည်။
“ဒီလုပ်ငန်းတွေကို ပေးဝင်ရင် ကျနော်တို့ကျေးရွာတွေ၊ လုပ်ကိုင်စားသောက်ရာတွေ ပျက်စီးမယ်။ ဌာနေ ဒေသခံတွေက အဲဒါတွေကို စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ဖလူးကို ဥပမာအဖြစ် မြင်တွေ့ခဲ့ရပြီ။ အခုသေ့ ဘောဘိုးကို တွေ့ရပြန်ပြီ။ ဒါကြောင့် မဖြစ်ရလေအောင်နဲ့ တခြားနေရာကို ပြောင်းသွားအောင် ကျနော်တို့ အရင်ကြိုတင်ကာကွယ်ထားရမယ်” ဟု နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခု ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နေသည့် နေရာများသည် DKBA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိ နေသော်လည်း KNU ၏ မြေစာရင်းမှတ်တမ်းဝင် မြေနေရာများဖြစ်သည်။
ဒေသခံများကိုလည်း မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းများ ထုတ်ပေးထားသည့် နေရာများဖြစ်သည်။ သို့သော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေကြောင်း သိရသည်။
အမည်မဖော်လိုသူ KNU နယ်မြေခံတာဝန်ခံတစ်ဦးက “မြေနေရာက သူတို့ (DKBA) အပိုင်ဖြစ်တဲ့အတွက် သူတို့ လုပ်ချင်သလို လုပ်လို့ရတယ်။ ကျနော်တို့က ပြောပိုင်ခွင့်မရှိတဲ့အတွက် သူတို့လုပ်တာကို ဒီအတိုင်း ကြည့် နေရတယ်။ မြို့နယ်ဥက္ကဋ္ဌ တစ်ယောက်တည်းတော့ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ ခရိုင်၊ တပ်မဟာတွေပါ ပါဝင်ဖြေရှင်းမှ ရလိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောဖါဘလက်က အဆိုပါကိစ္စကို နယ်မြေခံ KNU နှင့် နားလည်မှုယူပြောဆိုထားပြီးဖြစ်သလို ယခုလုပ်ငန်းများသည်လည်း ရေရှည်အတွက် မဟုတ်ဘဲ အချိန်တန်လျှင် ပြန်လည်ထွက်ခွာသွားကြမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
လက်ရှိတွင် သေ့ဘောဘိုးဒေသ၌ အဆိုပါ ကျားဖြန့်လုပ်ငန်းများအတွက် မြေအကျယ်အဝန်း ဧက ၃၀ ခန့်အထိ အသုံးပြုကာ အဆောက်အဦးများ တည်ဆောက်နေခြင်းဖြစ်သည်။
KNU ဗဟို လယ်ယာစိုက်ပျိုးရေးဌာနကမူ ဒေသခံများအား မြေမရောင်းကြရန် မှာကြားထားပြီး မြေပြင်အခြေအနေများကို စောင့်ကြည့်သွားမည်ဟု ဆိုသည်။







