ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )အနီးတွင်လှုပ်ရှားနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်(AA) နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်၍ တမနက်အတွင်းအထိနာကာ နောက်ဆုတ်သွားခဲ့ရသည်ဟု သတင်းရရှိသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက " ဒီစစ်ကြောင်းက ကပစ (၁၆) အနီးမှာ လှုပ်ရှားနေတဲ့ စစ်ကြောင်းပါ။ လှုပ်ရှားရင်းနဲ့ AA ထိန်းချုပ်တဲ့ နယ်မြေကို စစ်ကြောင်းထိုးလာတာ။ မနေ့ကနေ့မနက် အစောကြီးမှာအေအေရှိတဲ့နေရာဘက်ကိုထိုးဝင်လာလို့ တိုက်ပွဲဖြစ်ကြတာအထိနာလို့ သေတဲ့သူတွေ၊ဒဏ်ရာရသူတွေများတော့ လေကြောင်းပစ်ကူယူပြီး ဒဏ်ရာရသူတွေကိုဆွဲထုတ်သွားရတယ်" ဟု နိရဉ္စရာကိုပြောသည်။
အကြမ်းဖက် မြန်မာစစ်တပ်သည် ကပစ (၁၆) အနီးတွင် မကြာခဏ ဆိုသလို စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေပြီး AA ထိန်းချုပ်ထားသည့် နယ်မြေများဘက်သို့လည်း မကြာခဏ လေယာဉ်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မူများကို ပြုလုပ်နေသည်ဟု သိရသည်။
“ စစ်တပ်ဘက်က AA နဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နေရာတွေကို တိုက်ခိုက်ရေးဒရုန်း၊ စက်တပ်လေထီးသာမက Y-12 နဲ့ ဂျက်ဖိုက်တာတို့နဲ့မကြာခဏ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေရှိတယ်။သူတို့ စစ်ကြောင်းထိုးမဲ့နေ့ဆိုရင် ပိုပစ်တယ်။ ဒါပေမဲ့ သူတို့ ဘက်ကဘဲ အထိနာနေတာများတယ်”ဟု ၎င်းကသည်။
AA နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များမှ အချိန်၊ နေရာနှင့် အပိုင်ရနိုင်သည့် နေရာများမှ ဖြတ်တောက် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ပွဲတိုင်းလိုလို အရှုံးပေါ်နေသည် ၎င်းက ပြောဆိုသည်.
" ထုံးစံအတိုင်းတပ်သားသစ်ပြည်သူ့စစ်တွေကိုအားဖြည့်တယ်။ တက်လာတယ်။ လေကြောင်းပစ်ကူတွေယူပြီးထိုးစစ်ဆင်လာတယ်။ အေအေက အပိုင်ရမှ တိုက်တာ။ အထိနာရင်စစ်တပ်က ဆုတ်ပြေးတယ်။ ဒါဆိုရင် လေကြောင်းကလာပြီ။ အဲဒီလိုလေကြောင်းကပစ်ကူနေတာတောင် သူတို့မနိုင်ဘူး။ စစ်တပ်သားတွေက AA ဆီမှာ အငိုက်ဖမ်းတိုက်ခိုက်ခံရလို့သေတာတွေအရမ်းများနေတယ်" ဟု ပြောသည်။
မတ်လ ၂၄ ရက်နေ့ကလည်း အင်အားရာချီပါစစ် ကြောင်းသည်အာရက္ခတပ်တော် ထိန်းချုပ်နေရာသို့ထိုးဝင်လာပြီးနောက် နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အထိနာ နောက်ဆုတ်ခဲ့ရကြောင်း သိရသည်။
တောင်ကုတ်- ပန်း တောင်းလမ်း ပေါ်က ကပစ(၁၆)၏အဓိက ကာကင်းကုန်းဖြစ်သည့်ပွိုင့်(၆၆၆)ကုန်းကို (AA)သိမ်းပြီးနောက်ကပစ(၁၆)နှင့် အနီးအနားဝန်းကျင်အပါအဝင် ရိုးပေါ်က လေလာတောင်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ လနှင့်ချီရှိနေပြီဖြစ်ကြောင်း သိရသည်။







