ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက် စစ်ကော်မရှင် တပ်ရင်းများ အနီးသို့ ထိ ရောက်ရှိလာသဖြင့် သံတော်လီ မွတ်ဆလင်ကျေးရွာအပါအဝင် တစ်ခြားမွတ်ဆလင် ကျေးရွာများကို ဖြိုဖျက်ရန် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးမှ အမိန့် ထုတ်ထားကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ရဲတပ်ရင်း အနီးရှိ သံတော်လီမွတ်ဆလင်ကျေးရွာသားများကို စတင်နှင်ထုတ်နေပြီ ဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်တွေဒေသခံ မွတ်ဆလင်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။
" စစ်တပ်က ကျွန်တော်တို့ကို AA နဲ့ ဆက်သွယ်တယ်လို့အကြောင်းပြတယ်။ အဲသလို အကြောင်း ပြပြီးသူတို့စစ်တပ်ကဖမ်းတာတွေလည်းလုပ်တယ်။အခုစစ်ပွဲကရွာနားထိပြင်းလာပြီဆိုတော့ ရွာကလူတွေကို နေထိုင်ခွင့်မပြုတော့ဘူး။ ရွာကို ဖြိုဖျက်မယ်လို့ ပြောပါတယ်။ အကြောင်းအမျိုးမျိုးပြပြီးမြို့တွင်းကိုနှင်ထုတ်နေပါတယ်။ မြို့တွင်းမှာဘယ်နေရာသွားနေရမှာလဲ" ဟု ပြောသည်။
အာရက္ခတပ်တော်က စစ်တပ် တပ်ရင်းများအနီးရှိ မွတ်ဆလင် ကျေးရွာများအား ချဉ်းကပ် ဝင်ရောက်ပြီး တိုက်ပွဲ ဖော်ဆောင်လာနိုင်သဖြင့် အမှတ်(၁၂)ရဲတပ်ရင်းနှင့် အမှတ်(၃၆) ရဲတပ်ရင်းအနီးအနားရှိ မွတ်ဆလင်ကျေးရွာများ အားလုံးကို သင်္ကြန်မတိုင်ခင် အပြီးဖြိုဖျက်ရမည်ဟု အမိန့်ထုတ်ထားသည်ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကို ပြောသည်။
" တိုင်းမှုးအမိန့် နဲ့ ဖြိုဖျက်ခိုင်းတာလို့သိရတယ်။ အခုလက်ရှိ သံတော်လီကျေးရွာက မွတ်ဆလင်တွေကို နှင်ထုတ်နေတယ်။ စစ်ရေးကလည်းပြင်းထန်လာတယ်။ ဒီနေရာတွေကို မြင်ကွင်းရှင်းအောင်ကွင်းပြင်းဖြစ်အောင်လုပ်မယ်လို့ကြားတယ်။မကြာခင် ရွာတွေကို စစ်တပ်က မီးရှို့နိုင်တယ်” ဟု ပြောသည်။
လက်ရှိတွင် သံတော်လီမွတ်ဆလင်များကို မြို့တွင်းသို့ပြောင်းရွှေ့နေထိုင်ရန်နှင်ထုတ်ထားပြီး တိုက်ပွဲဖြစ်လာပါက လူသားဒိုင်းကာအဖြစ်ပြုလုပ်ရန်လည်း ရည်ရွယ်ပုံရသည်ဟုလည်း ၎င်းက ပြောသည်။
သံတော်လီကျေးရွာသည် ယခုတိုက်ပွဲဖြစ်ပွားနေသည့် ရွှေမင်းဂံ၊ ဇော်မတက်တို့နှင့် နီးကပ်စွာတည်ရှိသည့်အပြင် ရဲတပ်ရင်း၊ စစ်တပ် တပ်ရင်းများလည်း နီးကပ်စွာတည်ရှိသည်ဟု သိရသည်။
အကြမ်းဖက် စစ်ကော်မရှင်သည် စစ်တွေမြို့ပြင်ရှိ ရခိုင်ကျေးရွာများမှ ရွာသားများအားလုံးကို စစ်တွေမြို့ထဲသို့ နှင်ထုတ်ထားပြီး အရပ်သားပိုင် နေအိမ်များကိုလည်း ဖြိုဖျက်ရောင်းချထားကာ တချို့ ရခိုင်ကျေးရွာများကို မီးရှို့ ရှင်းလင်းထားသည်ဟု သိရသည်။
“ ၂၀၂၄ ခုနှစ်ကလည်း စစ်တွေမြို့ပြင်ကရခိုင် ကျေးရွာ ၂၀ ခန့်က ရွာသားတွေကိုစစ်တွေမြို့ပေါ်ကို နှင်ထုတ်ထားတယ်။မြို့ပေါ်ကဘုန်းကြီးကျောင်းတွေမှာအခက်အခဲမျိုးစုံနဲ့ နေနေကြရတယ်။ ရွာသားတွေ မရှိတဲ့အချိန်မှာနေအိမ်တချို့ကို ဖြိုဖျက်ရောင်းချတယ်။တချို့ကို ထင်းအဖြစ်ထုတ်လုပ် ရောင်းချတယ်” ဟု စစ်တွေဒေသခံက ပြောဆိုသည်။
၂၀၂၆ ဖေဖော်ဝါရီလ အတွင်းကလည်း စစ်တွေမြို့ကို (AA)ဝင်တိုက်မည့်သတင်းထွက်ပေါ်လာမှုကြောင့် မြို့ပြင်ရှိ ရခိုင်ကျေးရွာတချို့မှ ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်များကို ပစ်ကွင်းရှင်းလင်းရန်အတွက် စစ်တပ်ကမီးရှို့ခဲ့ကြောင်း သိရှိရသည်။







