ပလက်ဝကို အကြမ်းဖက်စစ်တပ်ဗုံးကြဲ၍ အရပ်သားခြောက်ဦးသေ၊ လေးဦးဒဏ်ရာရ

ပလက်ဝကို အကြမ်းဖက်စစ်တပ်ဗုံးကြဲ၍ အရပ်သားခြောက်ဦးသေ၊ လေးဦးဒဏ်ရာရ

မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင် ဗုံးကြဲ၍ အရပ်သားခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားသည်ဟု သိရသည်။

အဆိုပါကျေးရွာကို မတ်လ ၂၉ ရက်၊ ညနေ ၄ နာရီကျော်တွင် စစ်ကော်မရှင်လေတပ်မှ ဂျက်ဖိုက်တာနှစ်စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ ဗုံးကြဲခံရမှုကြောင့် အဆိုပါကျေးရွာမှ အရပ်သားအမျိုးသားခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့သလို ဒဏ်ရာရသူများတွင် ကလေးတစ်ဦးပါဝင်သည်ဟု ပလက်ဝဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ဒဏ်ရာရတဲ့အထဲမှာ ယောက်ျား၊ မိန်းမ ခွဲလို့ မသိရသေးဘူး။ သေတာကတော့ အားလုံး ယောက်ျားလို့ သိရပါတယ်”ဟု ပြောသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်ခံခဲ့ရမှုကြောင့် ကျေးရွာအတွင်းရှိ အရပ်သားနေအိမ် အများအပြားလည်း မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါကျေးရွာသည် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိပြီး ပလက်ဝမြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်ဟု သိရသည်။

ပလက်ဝမြို့မှ ရေကြောင်းဖြင့်သွားလျှင် နှစ်နာရီခန့်ကြာ သွားရသည်ဟု သိရသည်။

ကျေးရွာငယ်တစ်ရွာဖြစ်ပြီး စစ်ရေးပစ်မှတ်လည်း မဟုတ်ကြောင်း ဒေသခံများက ဆိုသည်။

ပလက်ဝမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားခြင်းဖြစ်သည်။

ယင်းသို့သိမ်းပိုက်ပြီးနောက် ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို AA က တစိုက်မတ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို မတ်လ ၂၉ ရက်တွင် အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ဗုံးကြဲ၍ ထိခိုက်ပျက်စီးသွားသည့်နေအိမ်အချို့အားတွေ့ရစဉ်။ (Photo - ပေးပို့)

July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...