မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ် ပြုလုပ်ခဲ့မှုကြောင့် မွေးကင်းစကလေးငယ်အပါ အရပ်သား ၄,၂၉၉ ဦး သေဆုံးခဲ့ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)က မတ်လ ၂၆ ရက်က ထုတ်ပြန်သည်။
ထို့ကြောင့် စစ်ကော်မရှင်ထံ လေယာဥ်ဆီတင်ပို့ရောင်းချမှုများ အရေးပေါ်တားဆီးပေးရန် အာဆီယံ၊ အီးယူ၊ ယူကေနှင့် နိုင်ငံတကာအစိုးရများထံ Blood Money Campaign က ထုတ်ပြန်တောင်းဆိုသည်။
နိုင်ငံရေးနှင့် စစ်ရေး လေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက “အခုနောက်ပိုင်းမှာဆိုရင် ဒီ စစ်ကိုင်း၊ အညာဒေသဘက်မှာဆိုရင်တော့ ဒီ Jet Fighter လေကြောင်းတိုက်ခိုက်မှု အပြင်ပေါ့ဗျာ ။ ဒီ လောင်စာဆီ အရမ်းကြီးမြင့်တော့ လောင်စာဆီ ချွေတာနိုင်တဲ့ ဒီ Gyrocopter တို့၊ Paramotor တို့၊ နောက်ဆုံး ဒီ လောင်စာဆီ လုံးဝသုံးစရာမလိုတဲ့ Suicide Drone တွေပေါ့နော်။ ဒါမျိုးတွေနဲ့ပါ အသုံးပြုပြီးတော့ ဒီ တိုက်ခိုက်လာတာကို တွေ့ရတယ်ဗျ” ဟု ဆိုသည်။
Blood Money Campaign အဖွဲ့က စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်အထိ ကောက်ယူထားသည့် စာရင်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ် မတ်လအတွင်း အစုလိုက်အပြုံလိုက် သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ကျူးလွန်ခဲ့ရာ သံဃာတော်များ၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
သွေးစွန်းငွေအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် မတ်လအတွင်း ထင်ရှားသော စစ်ရာဇဝတ်မှုများမှာ ပြီးခဲ့သည့် မတ်လ ငါးရက်က ကျောက်ကြီးမြို့နယ်တွင် ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးနောက် လေကြောင်းမှ ဗုံးကြဲသဖြင့် ကလေးငယ် ငါး ဦး အပါအဝင် ၂၅ ဦး သေဆုံးခဲ့မှု ၊ မတ်လ ရှစ်ရက်တွင် အမ်းမြို့နယ်၊ ဒါးလက်ချောင်းရှိ အကျဉ်းစခန်းကို ဗုံးကြဲသဖြင့် စစ်သုံ့ပန်းနှင့် အရပ်သား ၁၁၆ ဦး သေဆုံးခဲ့မှုတို့ဖြစ်သည်။
ထို့ပြင် မတ်လ ၁၀ ရက်နေ့က ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာရှိ ရွှေမှော်လုပ်ကွက်ကို တိုက်ခိုက်သဖြင့် ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ပြီး မတ်လ ၂၀ ရက်တွင် ကသာမြို့၊ မဟာလေးထပ်ဘုန်းကြီးကျောင်းတွင် စစ်ရှောင်ပြည်သူများ ဆွမ်းဘုဉ်းပေးနေချိန် ဗုံးကြဲသဖြင့် သံဃာနှင့် ကလေးငယ်များအပါအဝင် ၅၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။
စစ်ကော်မရှင်က တော်လှန်ရေးဒေသရှိ လူများ ထိုနယ်မြေများတွင် ရှင်သန်ခွင့် မရတော့ဘဲစစ်အုပ်စု ထိန်းချုပ်မှုအောက်ရှိ နယ်မြေထဲသို့ ပြောင်းရွှေ့လာစေရန် ထိုနည်းလမ်းနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း စစ်ရေး လေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက ပြောသည်။
လတ်တလော ကမ္ဘာတဝန်း လောင်စာဆီအကြပ်အတည်း ဖြစ်ပေါ်နေသော်လည်း စစ်ကော်မရှင်သည် နိုင်ငံတကာမှ ဝယ်ယူထားသော ဆီများအပြင် အရပ်ဘက်လေကြောင်းလိုင်းသုံး လေယာဉ်ဆီများကိုပါ အဓမ္မလုယူကာ အရပ်သားများကို သတ်ဖြတ်ရာတွင် အသုံးပြုနေကြောင်း ထိုသွေးစွန်းငွေအဖွဲ့က ထောက်ပြထားသည်။
တဖက်တွင်လည်း စစ်ကော်မရှင်မှ အတုအယောင် လွှတ်တော်ခေါ်ယူခြင်း၊ ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်းအတွက် ပြင်ဆင်ခြင်းတို့ဖြင့် တရားဝင်မှုရရန် ကြိုးပမ်းနေကာ မြေပြင်တွင် အရပ်သားပစ်မှတ်များကို ဦးတည်သည့် စစ်ရာဇဝတ်မှုများကို တိုးမြှင့်ကျူးလွန်နေခြင်းဖြစ်သည်။
ထို့ပြင် စစ်ကော်မရှင်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန်၊ လေယာဥ်ဆီ သယ်ယူရာတွင် အသုံးပြုသည့် ရေကြောင်းအာမခံဝန်ဆောင်မှုများကို နိုင်ငံများအကြား ညှိနှိုင်းကာ အရေးပေါ်ပိတ်ဆို့ရန်နှင့် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် တစုတစည်းတည်း ပြစ်ဒဏ်ပေးအရေးယူရန် Blood Money Campaign က အလေးအနက် တောင်းဆိုထားသည်။







