စစ်ကော်မရှင်တိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် အရပ်သားများ သေဆုံး

စစ်ကော်မရှင်တိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် အရပ်သားများ သေဆုံး

ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။

ကချင်ပြည်၊ ဖားကန့်ရတနာမြေတွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ နှစ်ပတ်ကျော်ကြာမြင့်လာပြီ ဖြစ်ကာ လုံးခင်းနယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်ခံရမှုနှင့်အတူ စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်မှစတင်၍ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ (ခေါ်) ခွန်ဆာကုန်းရှိ လုံးခင်းနယ်မြေရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KPDF) ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း လုံးခင်းရဲစခန်းကို တော်လှန်ရေးအင်အားစုများက အလုံးစုံရှင်းလင်းနိုင်ခဲ့သော်လည်း စစ်ကော်မရှင်တပ်ဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကို ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းတွင် လုံးခင်းရဲစခန်းအနီးရှိ ‘ပြည့်စုံကောင်း’ ထမင်းဆိုင်နောက်ကျော အိမ်ငှားဆောင်ပေါ်သို့ လက်နက်ကြီးကျည် တည့်တည့်ကျရောက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦး က ယခုကဲ့သို့ ပြောသည်။

“ဒီ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က လုံးခင်းရွာထဲက အိမ်ခန်းငှားနေတဲ့ အဆောင်ပေါ် စကစ လက်နက် ကြီး ကျတာပါ။ အဲဒီအချိန်က မိသားစုတွေ ထမင်းစားနေကြတဲ့အချိန်၊ ကလေး လေးယောက်နဲ့ လူကြီးနှစ် ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ လုံးခင်းကို တော်လှန်ရေး အင်အားစုက စီးမိထားချိန် စကစဘက်က ပြည်သူ့တွေ နေအိမ်ကြားထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။”

တိုက်ပွဲသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဆက်လက်ပြင်းထန်ခဲ့ပြီး ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ဆိုင်းတောင် ရွာဟောင်းလမ်းရှိ RC ဘုရားကျောင်း ထိမှန်ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

ထို့ပြင် ငြိမ်းချမ်းသာယာ အပိုင်း(၂) အတွင်းရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ကာ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည့်အပြင် မီးလောင်ကျွမ်းမှုများလည်း ဖြစ်ပွားခဲ့သည်။

မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေကို ဒေသခံ အမျိုးသားတစ်ဦးက ဆက်လက်ပြောပြသည်။

“လုံးခင်းနယ်မြေ ရဲစခန်းအနီး ငြိမ်းချမ်းသာယာ အပိုင်း (၂) က အိမ်တစ်လုံး လက်နက်ကြီးကျည်ကျပြီး မီးလောင်သွားတာလည်း ရှိတယ်။ အခုတော့ ပြည်သူအများစု စစ်ဘေးရှောင်နေကြရပြီ။ ပစ္စည်းဥစ္စာထက် အသက်က အရေးကြီးတာမို့ အကုန်လုံး ဂရုစိုက်ကြဖို့၊ ဘေးကင်းဖို့က အဓိကပေါ့ဗျာနော်” ဟု ပြောသည်။

လက်ရှိတွင် KIA ပူးပေါင်းတပ်များက လုံးခင်းရဲစခန်းကို ဖျက်ဆီးပြီးနောက် ပြန်လည်ဆုတ်ခွာသွားချိန်တွင် စစ်ကော်မရှင်ဘက်မှ ရှမ်းနီတပ် (SNA) ပါဝင်သော စစ်ကူများ ရောက်ရှိလာပြီး ကျေးရွာအတွင်း နေရာယူ ထားသဖြင့် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ပြန်လည်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်တွင် ဇန်နဝါရီလ ၃၀ ရက်နေ့ခန့်မှ စတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် KIA တို့ အကြား နှစ်ပတ်ကျော်ကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မရှီကထောင်၊ ထုံးဘို နှင့် ဂျန်ကပ် ကျေးရွာတို့မှ ဒေသခံများ တိမ်းရှောင်နေရသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...