အာဏာသိမ်းကာလ ၅ နှစ်အတွင်း ကြီးမားတဲ့ ထောင်တွင်းဆန္ဒပြလှုပ်ရှားမှု ၁၈ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီးတော့ အနည်းဆုံး နိုင်ငံရေးအကျဉ်းသားအပါဝင် အကျဉ်းသား ၁၆ ဦး သေဆုံးရသလို အနည်းဆုံး အယောက် ၄၀၀ အထိ ရိုက်နှက်နှိပ်စက် တိုက်ပိတ်ခံခဲ့ရတယ်လို့ မြန်မာအကျဉ်းထောင်သက်သေ ( Myanmar Prison Witness - MPW ) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါဟာ လက်လှမ်းမီကောက်ယူထားတဲ့ စာရင်းတွေဖြစ်တယ်လို့ လို့ MPW ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ မဆူးငယ်က ပြောပါတယ်။
"အကျဉ်းထောင်တွေမှာ ညှင်းပန်းနှိပ်စက်မှုတွေ၊ ဆန္ဒပြမှုတွေကြောင့်ဆိုပြီးတော့ ထောင်ဆူပူမှုဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရိုက်နှက်နှိပ်စက်တာ တိုက်ပိတ်တာတွေကို စာရင်းပြုစုပြီး လုပ်နိုင်ဖို့ စစ်ကောင်စီထုတ်ပြန်ချက်တွေနဲ့ ကိုက်ညီတာတွေကို အချိန်ပေးပြီး စာရင်းပြုစုထားတယ်။” လို့ မဆူးငယ်က ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေဟာ ဖိနှိပ်ရေးယန္တရားတွေအဖြစ် ပြောင်းလဲခဲ့ပြီးတော့ အကျဉ်းထောင်အာဏာပိုင်တွေနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ စစ်အာဏာရှင်အကြိုက်ကို လိုက်ပါဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသူ/သားတွေကို ကူညီပေးနေတဲ့ အဖွဲ့စည်းတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသူ/သားတွေကို ဖိနှိပ်တာ၊ ဆေးဝါးကုသခွင့်ပိတ်ပင်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ဖြစ်စေဖို့ ညှင်းပန်းနှိပ်စက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်တယ်လို့ MPW က ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသူ/သားတွေရဲ့ ထောင်တွင်းဆန္ဒပြမှုတွေ စတင်ချိန် အပြင်းထန်ဆုံးဖိနှိပ်ခံရတဲ့ အကျဉ်းထောင်တွေဟာ အင်းစိန်ဗဟိုအကျဉ်းထောင်နဲ့ မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆)နှစ်ပြည့် မွေးနေ့အနေနဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က နိုင်ငံရေးအကျဉ်းသူ/သားတွေရဲ့ မျက်နှာပေါ်မှာ နွေဦးတော်လှန်ရေးရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ လက်သုံးချောင်းပုံကို ပါးနှစ်ဖက်မှာ လိမ်းခြယ်ပြီးတော့ ထောင်တွင်း သနပ်ခါးသပိတ် ပြုလုပ်တာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်ထဲမှာပဲ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော် မတရားရိုက်နှက်တိုက်ပိတ်ခံခဲ့ရတဲ့ အင်းစိန်ထောင် 10D လှုပ်ရှားမှုဟာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနေ့မှာ ကြီးမားတဲ့ ထောင်တွင်းလှုပ်ရှားမှုတစ်ရပ် ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ Black Shirt Campaign ခေါ် အနက်ရောင်အင်္ကျီတွေ ဝတ်ဆင်တာအပါအဝင် Silent Strike ပြုလုပ်ပြီး ထောင်တွင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပေမယ့်လည်း ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ပြီးတော့ အပြင်းထန်ဆုံး ရိုက်နှက်ခဲ့ပြီး အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၇၉ ဦး တိုက်ပိတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်တွေထဲ နှိပ်စက်မှုတွေ ဆေးဝါးကုသခွင့် လုံလောက်စွာမရတာတွေ အကျဉ်းသားအခွင့်ရေး ချိုးဖောက်ခံရတာတွေကို ပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေ သိရှိဖို့အတွက် ထောင်တွင်းလှုပ်ရှားမှု ဖြစ်စဉ်တွေကို ထပ်မံဖော်ပြပေးသွားမယ်လို့ MPW က အသိပေးပါတယ်။
အာဏာသိမ်းပြီးနောက် ၂၀၂၆ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့အထိ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူ ၃၀,၄၆၃ ယောက် ထိရှိခဲ့ပြီးတော့ အဲဒီအထဲက ၂၂,၇၆၉ ယောက်ဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကနေ သိရပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။







