ကျော်သီဟ — ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင် နီးပါးဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုများရှိလာနေ၍ ရခိုင်တွင်လည်း ထိုရောဂါကို အထူးသတိထားရန်လိုအပ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
လူကိုသေစေနိုင်သည့် နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါသည် ရခိုင်ပြည်နှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ကူးစက်ပြန့်ပွားလျက်ရှိနေပြီး လူသေဆုံးသည်အထိရှိလာနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းတွင် နီးပါးဗိုင်းရပ်စ်ကြောင့် အသက် ၅၀ ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင်လည်း အဆိုပါရောဂါကူးစက်ခံထားရသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးသူနာပြုတစ်ဦးသည် ဖေဖော်ဝါရီ ၁၂ ရက်က သေဆုံးသွားခဲ့သည်ဟု ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုထားသည်။
သေဆုံးသွားသူသည် အဆိုပါရောဂါကူးစက်ခံထားရသည့်လူနာကိုပြုစုစောင့်ရှောက်ရင်း ရောဂါကူးစက်ခံရခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုကြသည်။
ကီရာလာပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်ကလည်း အဆိုပါဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုဖြစ်ပွားခဲ့ဖူးပြီး အစိုးရ၏ လျင်မြန်သော လုပ်ဆောင်မှုများကြောင့် ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အဆိုပါဗိုင်းရပ်စ်ပိုး ပြန်လည်ကူးစက်ခံရမှု ပြန်လည်မြင့်တက်လာခဲ့သည့်အတွက် ဒေသအာဏာပိုင်များ ဒေသအချို့ကို ကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ရသေးသည်ဟု သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ရခိုင်ပြည်တို့သည် ကုန်စည်ကူးသန်းမှုများနှင့် ကုန်သည်များ ဝင်ထွက်သွားလာမှုများရှိနေသည့်အတွက် အဆိုပါရောဂါကို ရခိုင်ပြည်သူတို့ အထူးသတိထားကြရန်လိုအပ်သည်ဟု ဒေသခံများက ပြောသည်။
မင်းပြားဒေသခံ ကိုမင်းထွန်းနိုင်က "ဗိုင်းရပ်စ်က လူကိုသေစေနိုင်လောက်တဲ့ထိ ကြောက်စရာကောင်းတယ်လို့ပဲ သိထားတယ်။ ကူးစက်ခံခဲ့ရရင်တော့ ပြည်တွင်းထဲမှာ ဆေးဝါးအကူအညီတွေဘာတွေလည်း ရနိုင်မယ်မထင်ဘူး။ နိုင်ငံရေးအခြေအနေကလည်း မကောင်းတော့လေ" ဟု နိရဉ္စရာကို ပြောသည်။
အလားတူ အဆိုပါရောဂါကြောင့် လူသေဆုံးမှုရှိလာသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရခိုင်ပြည်နှင့် နယ်စပ်ချင်းထိစပ်နေသည့်အတွက် ရခိုင်ပြည်သူတို့ သတိထားရန်လိုအပ်သည်ဟု ဆိုကြသည်။
အဆိုပါဗိုင်းရပ်စ်ပိုးကို ၁၉၉၈ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ဝက်မွေးမြူရေးသမားများမှစတင်တွေ့ရှိခဲ့ပြီး တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သော ပြင်းထန်သည့်ရောဂါဖြစ်သည်ဟု သိရသည်။
ရောဂါပိုးကူးစက်ခံရသူသည် သေဆုံးမှုနှုန်း ၄၀ ရာနှုန်းအထက်ရှိပြီး ကူးစက်ခံရပြီးနောက် ရောဂါပျိုးချိန်သည် ပုံမှန်အားဖြင့် လေးရက်မှ ၁၄ ရက်အထိဖြစ်ကာ အကြာဆုံးအနေဖြင့် ၄၅ ရက်အထိ ရှိနိုင်ကြောင်း သိရသည်။
အဆိုပါရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ လည်ချောင်းနာခြင်း၊ မူးဝေခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် တက်ခြင်းတို့ကိုဖြစ်ပေါ်စေသည်ဟု သိရသည်။
ရောဂါပြင်းထန်ချိန်တွင် ဦးနှောက်ရောင်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း သို့မဟုတ် အသက်ရှူလမ်း ကြောင်း ရုတ်တရက် ပျက်စီးခြင်းကဲ့သို့သော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ထိခိုက်မှုများကို ဖြစ်စေနိုင်သည်ဟု သိရသည်။
ကူးစက်နိုင်သည့် ပုံစံများမှာ လင်းနို့ကိုက်ထားသည့် အသီးအနှံများ၊ တံတွေး၊ ဆီး၊ အညစ်အကြေးများမှတဆင့် ကူးစက်နိုင်သည်ဟု သိရသည်။
ကျောက်တော်မြို့ခံအမျိုးသမီးတစ်ဦးကလည်း "လက်ရှိမှာဖြစ်ပွားနေတဲ့ နီပါးကူးစက်လွယ်ရောဂါက ကြောက်စရာကောင်းပါတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ လူတွေတော်တော်များများက အရမ်းစိုးရိမ်လွန်နေကြတယ်။ ဒီဗိုင်းရပ်စ်က တခြားဗိုင်းရပ်စ်တွေလို လေထုထဲက ကူးစက်တာတော့ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အခု ဒီရောဂါက ကုသဆေးလုံးဝမပေါ်သေးတော့ ဂရုပြုနေကြရမယ်။ ဒီဖက်တွေမှာက ဆေးဝါးတွေမပြည့်စုံတာတွေရှိနေသေးတော့ သေချာလေးဂရုစိုက်ပြီးတော့ နေကြရပါမယ်"ဟု နိရဉ္စရာကို ပြောသည်။
အဆိုပါနီးပါးဗိုင်းရပ်စ်ရောဂါပိုးသည် ကိုဗစ်ကပ်ရောဂါပိုးကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်များနှင့်မတူသည့်အတွက် လူအချင်းချင်းကို ကူးစက်ရန် မလွယ်ကူဟု သိရသည်။
နီးပါးဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ၏ အသက်ရှူလမ်းကြောင်းမှ ထွက်သော အရည်များ သို့မဟုတ် ခန္ဓာကိုယ်မှ ထွက်သော အရည်များနှင့် နီးကပ်စွာ သို့မဟုတ် ကြာရှည်စွာ ထိတွေ့မှသာ ကူးစက်တတ်သည်ဟုလည်း သိရသည်။
နီးပါးဗိုင်းရပ်စ်ရောဂါအတွက် ကာကွယ်ဆေးမရှိသေးသည့်အတွက် ကူးစက်မှုမရှိစေရန် သတိထားသင့်ပေသည်။
သစ်သီးများကို ဆေးကြောပြီး အခွံနွှာစားရန်၊ မြေပေါ်သို့ ကြွေကျနေသော သို့မဟုတ် တိရစ္ဆာန်ကိုက်ထားသော အသီးများကို ရှောင်ရန်နှင့် ဖျားနာနေသော လင်းဆွဲ သို့မဟုတ် တိရစ္ဆာန်များနှင့် မထိတွေ့မိစေရန် လိုအပ်သည်ဟု ကျန်းမာရေးဌာနများက ညွှန်ကြားထားသည်။
ရခိုင်တွင် ပြည်သူလူထုများအနေဖြင့် နီပါးဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်နှင့်အတူ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
စစ်တွေမြို့နယ်၊ င/တောက်တတ်ကျေးရွာမှ စစ်ဘေးရှောင်လာသူ မအေးစန္ဒာနွယ်က "အစားအသောက်တွေနဲ့ပတ်သက်လာရင် အဓိက ဆင်ခြင်ရမယ်။ တကယ်လို့ မိမိကိုယ်ကိုရောဂါကူးစက်ခံနေရပြီလို့ သံသယရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသွားပြီးတော့ အမြန်ဆုံး စစ်ဆေးမှုတွေလုပ်သင့်တယ်။ ဘယ်ရောဂါမဆို မပေါ့ဆသင့်ဘဲ အမြန်ဆုံးဆေးကုသမှု ခံယူသင့်တယ်" ဟု နိရဉ္စရာကို ပြောသည်။
နီပါးဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆမနေထိုင်ကြရန်နှင့် ရောဂါကူးစက်ပြန့်ပွားလာပါက အသက်အန္တရာယ်ရှိနိုင်သည့်အတွက် သတိထားကြရန်လိုအပ်ကြောင်းကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားသည်။
ရခိုင်ပြည်သူလူထုများအနေဖြင့်လည်း နီပါးဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက အနီးအနားမှ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန်နှင့် ဌာနကထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန်လည်း တိုက်တိုက်နှိုးဆော်ထားသည်။







