ရန်ကုန်မြို့ရှိ တီမောနိုင်ငံ၏ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် အကြောင်းကြားခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက (ဖေဖော်ဝါရီ ၁၅) ထုတ်ပြန်သည်။
ယင်းမှာ “နှစ်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေး ကောင်းမွန်မှုရှိသော်လည်း တီမောလက်စ်တေ သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မကြာခဏ ဝင်ရောက်စွက်ဖက်နေ သည့်အတွက်ကြောင့်”ဟု စစ်ကော်မရှင်က ဖော်ပြသည်။
တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဆင့်ခေါ်ပြီး နိုင်ငံမှထွက်ခွာရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံအပေါ်ထားရှိသည့် (တီမော)၎င်း၏ ရပ်တည်ချက်သဘောထားများ ပြောင်းလဲခြင်းမရှိသေးပါက ပိုမိုပြင်းထန်သည့်အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့သည်”ဟုလည်း ထုတ်ပြန်ချက်တွင် ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က တီမောနိုင်ငံ၊ ဒီလီမြို့ရှိ သမ္မတနန်းတော်တွင် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)နှင့် တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာတို့ တွေ့ဆုံပြီးနောက် စစ်ကော်မရှင်နှင့် တီမောအကြား ဆက်ဆံရေး တဖန်ပြန်တင်းမာလာခဲ့ခြင်းဖြစ်သည်။
CHRO ဦးဆောင်ပြီး ဇန်နဝါရီလ ၁၂ ရက်က တီမောနိုင်ငံ၊ ပြည်သူ့အစိုးရရှေ့နေရုံးတွင် စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် တိုင်ကြားစာလည်း တင်သွင်းခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တီမောသံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်ပြီး ထိုတွေ့ဆုံမှုအပေါ် ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် ဖြေရှင်းချက်တရပ်ပေးပို့ရန် တောင်းဆိုခဲ့ပြီး သတိထောက်လွှာပေးခြင်းကိုလည်း ပြုလုပ်ခဲ့သည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကာလအတွင်း ဇန်နဝါရီ ၂၉ ရက်နေ့တွင်လည်း စစ်ကော်မရှင်ဘက်က တီမော နိုင်ငံခြားရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် တွေ့စဉ် ဖြေရှင်းချက်ပေးရန် ထပ်မံတောင်းဆိုခဲ့ရာ တီမောဝန်ကြီးက တပတ်အတွင်းပေးရန် ကတိပြုခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။
“ဖြေရှင်းချက်ကို စောင့်ဆိုင်းနေသည့်ကာလအတွင်း တီမောလက်စ်တေအစိုးရသည် ချင်းလူ့အခွင့်အရေးအဖွဲ့၏ တရားစွဲဆိုမှုကို လက်ခံ၍ အမှုကိုလေ့လာကြည့်ရှုရန် ဝါရင့်ရှေ့နေတဦးကို ခန့်အပ်တာဝန် ပေးအပ်ခဲ့ကြောင်း ဖော်ပြပါရှိသည့်သတင်းများကို စိတ်ပျက်ဖွယ်ရာ တွေ့ရှိရသည်” ဟု ဆိုသည်။
တီမောသမ္မတ၏ ပြုမူဆောင်ရွက်ချက်များနှင့် ချဉ်းကပ်မှုပုံစံများသည် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဟုလည်း စစ်ကော်မရှင်က စွပ်စွဲသည်။
တီမောအစိုးရက ပြည်တွင်းရေးမစွက်ဖက်ရေး အပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လိုက်နာမည်ဖြစ်ကြောင်း ကတိပြုခဲ့၍ တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေး စစ်ကော်မရှင်အနေဖြင့် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း စစ်ကော်မရှင်က ထည့်သွင်းပြောဆိုထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တီမောနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လည်း နီးကပ်သည့် ဆက်ဆံရေးရှိခဲ့သည့် နိုင်ငံဖြစ်သည်။
တီမောနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် တီမောအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တရားဝင်ဖိတ်ကြားခဲ့မှုအပါအဝင် NUG နှင့် ထိတွေ့ဆက်ဆံခဲ့သည့်အတွက် စစ်ကော်မရှင်က တီမောယာယီသံရုံးတာဝန်ခံကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ဖူးသည်။
ထို့နောက် တီမောနိုင်ငံကို အာဆီယံတွင် အဖွဲ့ဝင်အဖြစ် ခွင့်မပြုရန် စစ်ကော်မရှင်က ကန့်ကွက်ပြောဆိုခဲ့သည့်နောက်ပိုင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကစပြီး စစ်ကော်မရှင်နှင့် တီမောနိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့ကာ လက်ရှိတွင် ထပ်မံနှင်ထုတ်လာခြင်းဖြစ်သည်။







