ဂျူချန်း — ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တနေရာရှိ ဘိန်းခင်းများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲဘော်များက ဖျက်ဆီးနေသည့် ရုပ်သံထွက်ပေါ်လာပြီးနောက် ဘိန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်နေသည်။
ကရင်နီပြည်နယ်တွင် တောင်သူအချို့သည် ဘိန်းစိုက်ပျိုးမှုဖြင့် အသက်မွေးကြရပြီး ယခုကဲ့သို့ ဘိန်းခင်းများကို ဖျက်ဆီးလိုက်သည်မှာ စိုက်ပျိုးသည့်တောင်သူများအတွက် တရားမျှတမှု မရှိကြောင်းနှင့် ဘိန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ တိကျသည့်မူဝါဒရှိရန် လိုအပ်ကြောင်း ကရင်နီလူထုများက ဝေဖန်ထောက်ပြကြသည်။
“လမ်းဘေးမှာရှိလို့ အမြင်မတော်လို့ဆိုတာက လုံးဝမဖြစ်သင့်တဲ့ အကြောင်းပြချက် တခုပါ။ တောထဲ လူမမြင်တဲ့နေရာမှာစိုက်တဲ့ ဘိန်းက ဆိုးကျိုးမရှိဘဲ လမ်းဘေးမှာစိုက်မှ ဆိုးကျိုးရှိလားပေါ့နော။ ယခု လုပ်ရပ်ကိုတော့ ယခင်စစ်တပ်ကလို ပေါ်ပင်ဝင်လုပ်တယ်လို့ဘဲ မြင်ပါတယ်။ ဘိန်းတွေဖျက်ဆီးမယ်ဆိုရင် တကယ်အားပေးပါတယ် ဒါပေမဲ့ ထိရောက်စွာ ကိုင်တွယ်ဖို့လည်း လိုတယ်လို့မြင်ပါတယ်” ဟု ဒီမောဆိုမြို့ ဒေသခံပြည်သူတဦးက ပြောသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကမူ ထိုနေရာသည် ယခင်ကတည်းက ဒေသန္တရအမိန့်ဖြင့် ဘိန်းစိုက်ပျိုးခွင့် မပြုထားသောကြောင့် ဘိန်းခင်းများကို ဖျက်ဆီးခြင်းဖြစ်ကြောင်း အတွင်းရေးမှူး(၂) ဦးဗညားခွန်အောင်က မဇ္ဈိမကို ပြောသည်။
တဖက်တွင်လည်း တောင်သူအချို့သည် တိုက်ပွဲကြောင့် မိမိနေရပ်ကို စွန့်ခွာခဲ့ရကာ ရွေးချယ်စရာမရှိသဖြင့် ဘိန်းစိုက်ပျိုးနေရခြင်းဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။
“လယ်မစိုက်ရ အိမ်ရှိပြီး အိမ်မှာ မနေရ၊ တောမှာစိုက်လို့ရတာဆိုလို့ အဲဒါပဲ ရှိတယ်။ မလွဲသာမရှောင်သာ စိုက်ရတာ ကိုယ်ချင်းစာစေချင်တယ်” ဟု ဘိန်းစိုက်တောင်သူ တဦးက ဆိုသည်။
ဘိန်းစိုက်တောင်သူအချို့အတွက် ဘိန်းစိုက်ပျိုးမှုသည် အဓိကဝင်ငွေတခု ဖြစ်နေသဖြင့် ဒေသအာဏာပိုင်များအနေဖြင့် မူဝါဒချမှတ်မှုများအပြင် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်လည်း လိုအပ်ကြောင်း ဒေသခံများက တိုက်တွန်းနေကြသည်။
“ဒီအလုပ်ပဲ ငွေရကြတော့ ဒါကိုပဲ လုပ်ကြမှာ။ ဒီတော့ ရှေ့ဆက် တိကျတဲ့ပြည်နယ်ဥပဒေမူ ပြဋ္ဌာန်းအတည်ပြုဖို့ လိုတယ်။ ပြည်သူတွေ စားဝတ်နေရေးဖြေရှင်းနိုင်ဖို့ အစိုးရကလည်း အလုပ်များများ ဖန်းတီးပေးဖို့ လိုအပ်တယ်” ဟု ပြည်သူတဦးက မှတ်ချက်ပြုသည်။
ပြည်သူအချို့ကမူ ဘိန်းခင်းများထက် ကရင်နီဒေသတွင် ပိုမိုပေါများလာသည့် KTV များကို အာဏာပိုင်များအနေဖြင့် ထိရောက်စွာ ကိုင်တွယ်သင့်ကြောင်း ထောက်ပြသည်။
“KTV ကျတော့ တကယ်ကို ပေါ်တင်ဖြစ်လာတယ်ပေါ့နော.. အရမ်းလည်းများလာတယ်၊ သူတို့ညမထွက်ရ အမိန့်ကလည်း အသက်မဝင်ဘူးထင်ပါတယ်၊ တကယ်ဆိုရင် တော်လှန်ရေးကို ထိခိုက်နစ်နာစေတာက KTV ပါ၊ ဘယ်ပြည်သူထုမှ သိပ်မသွားကြဘူး။ တကယ်သွားနေတာက ဒီတော်လှန်ရေးမှာ ပေးဆပ်နေပါတယ်ဆိုတဲ့ လူတွေက ပိုသွားကြတာပါ၊ ဘိန်းခင်းထက် KTV ကို အရင်ပိတ်ပင်သင့်ပါတယ်” ဟု ဒီးမောဆိုမြို့မှဒေသခံက ပြောသည်။
IEC ဘက်ကမူ KTV နှင့် ဘိန်းခင်းကိစ္စကို နှိုင်းယှဉ်မပြောသင့်ကြောင်း၊ KTV များသည် ဖျော်ဖြေရေးကဏ္ဍတခုအနေဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး စနစ်တကျကိုင်တွယ်ဆောင်ရွက်ရန် သက်ဆိုင်ရာနယ်မြေခံ လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းထားပြီးဖြစ်ကြောင်း ဆိုသည်။
“KTV နဲ့ ဘိန်းခင်းကိုတော့ မနှိုင်းသင့်ဘူးပေါ့နော်။ အကြမ်းဖျင်းအားဖြင့်တော့ KTV ကို စည်းစနစ်တကျလည်ပတ်ဖို့ အားပေးပါတယ်။ တချို့ ဒေသန္တရအမိန့် ရရှိထားပြီးသားဖြစ်တယ်။ ကျန်းမာရေးရှုထောင့်၊ မူးယစ်ဆေးဝါး ကင်းစင်ရမယ်ဆိုတာ အားလုံးသဘောတူထားပြီးသားဖြစ်တယ်ပေါ့နော်။ ဒါ Entertainment process (ဖျော်ဖြေရေးကဏ္ဍ)တခုဖြစ်တယ်။ စေ့စေ့စပ်စပ်ကိုင်တွယ်နိုင်ရင် ပြဿနာမရှိဘူးပေါ့နော်”ဟု ဦးဗညားခွန်အောင်က ပြောသည်။
ကုလမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက် ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်တွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တနှစ်အတွင်း ဘိန်းစိုက်ဧရိယာ ၂၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ဟတ်တာ ၁၀၇ (ဧကပေါင်း ၂၆၉ ကျော်) တိုးများလာကြောင်း ဖော်ပြထားသည်။
ကရင်နီပြည်နယ်တွင်း ပဋိပက္ခကာလအတွင်း ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဈေးကောင်းရသည့် ဘိန်းစိုက်ပျိုးရေးဖြင့် လူထုက အသက်မွေးဝမ်းကျောင်းပြုရန် ပိုမိုရွေးချယ်လာကြပြီး အများစုသည် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် ပိုမိုစိုက်ပျိုးလာကြကြောင်း UNODC ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
UNODC ၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် တနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။







