NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကွယ်လွန်

NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကွယ်လွန်

ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (၁၉၉၀-၂၀၁၂) ၏ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းသည် ဖေဖော်ဝါရီလ ၆ ရက် နံနက် ၆ နာရီ အသက် ၈၂ နှစ်အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။ 

ဒေါက်တာ စိန်ဝင်းကို ၁၉၄၃ ဒီဇင်ဘာ ၇ ရက်တွင် အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်းနှင့် ဒေါ်ခင်စော တို့မှ မွေးဖွားသည်။

သူသည် သင်္ချာပညာရှင်တစ်ဦး ဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် အနောက်ဂျာမဏီနိုင်ငံ ဟန်းဘတ် တက္ကသိုလ် (University of Hamburg) မှ သင်္ချာ ပါရဂူ (Ph.D) ဘွဲ့ကို ရရှိခဲ့သည်။ 

နိုင်ငံရေးလောကတွင် အချိန်ပြည့် တာဝန်မထမ်းဆောင်မီက ရန်ကုန်တက္ကသိုလ် (RASU) နှင့် စစ်တက္ကသိုလ် (DSA) တို့တွင် သင်္ချာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

ဒေါက်တာစိန်ဝင်းသည် ၁၉၉၀ ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီခွဲ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ ပါတီမှ ပေါက်ခေါင်းမြို့နယ်တွင် အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။ 

ထိုစဉ်က စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လစ်လျူရှုပြီး အာဏာလွှဲပြောင်းခြင်း မရှိသည့် အခါ ဒေါက်တာ စိန်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ် အချို့သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ လွတ်မြောက်နယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။ 

၁၉၉၀ ခုနှစ် တွင် ကရင့်အမျိုးသား အဖွဲ့ချုပ် KNU ဌာနချုပ် ရှိရာ မာနယ်ပလောတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ NCGUB ကို ဖွဲ့စည်းသည့် အခါ ဝန်ကြီးချုပ် တာဝန်ကို ယူခဲ့သည်။ 

မြန်မာဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား လူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများအကြား ပထမဆုံးအကြိမ် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့သည့် မာနယ်ပလောစာချုပ်ကို NCGUB, အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ NLD-LA နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ မဟာမိတ် အဖွဲ့ချုပ် တို့အကြား ချုပ်ဆိုသည့် မာနယ်ပလော စာချုပ် ချုပ်ဆိုစဉ်က NCGUB ဝန်ကြီးချုပ် အဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ 

ဒေါက်တာစိန်ဝင်းသည့် NCGUB ကို ဖျက်သိမ်းခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ 

NCGUB ဝန်ကြီးချုပ် သက်တမ်းတလျောက် နိုင်ငံတကာ စည်းရုံး လှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ 

ဒေါက်တာစိန်ဝင်း ကွယ်လွန်သွားပြီးနောက် ဇနီးဖြစ်သူ ဒေါ်စီစီ နဲ့ သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်။ 

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...