ICJ တွင် မြန်မာစစ်တပ်၏ လုပ်ရပ်များသည် လူမျိုးတုန်းသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း အထူးကျွမ်းကျင်သူ ထောက်ပြ

ICJ တွင် မြန်မာစစ်တပ်၏ လုပ်ရပ်များသည် လူမျိုးတုန်းသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း အထူးကျွမ်းကျင်သူ ထောက်ပြ

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဆက်လက်ကျင်းပလျက်ရှိသည့် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားသော ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု အမှုကြားနာမှုအတွင်း စစ်ဆင်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူ Professor Michael Newton က မြန်မာစစ်တပ်၏ ၂၀၁၆–၂၀၁၇ ခုနှစ် စစ်ဆင်ရေးများသည် “Ethnic Cleansing” အဆင့်ကို ကျော်လွန်ကာ လူမျိုးတုန်းသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် (Genocidal Intent) ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီးများရှေ့တွင် ထင်ရှားစွာ ရှင်းလင်းတင်ပြခဲ့သည်။

ကြားနာမှုအတွင်း ဂမ်ဘီယာဘက်မှ “ရိုဟင်ဂျာပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း တစ်သန်းနီးပါး နယ်စပ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရခြင်းကို Ethnic Cleansing ဟု ခေါ်နိုင်ပါသလား” ဟု မေးမြန်းခဲ့ရာ Prof. Newton က ထိုအမြင်ကို တိတိကျကျ ငြင်းဆိုခဲ့သည်။

၎င်း၏ ရှင်းလင်းချက်အရ Ethnic Cleansing သည် လူမျိုးစုတစ်စုကို ဒေသတစ်ခုမှ အတင်းအဓမ္မ မောင်းထုတ်ခြင်းကို အဓိက ရည်ညွှန်းခြင်းသာ ဖြစ်ပြီး၊ ထိုသို့ မောင်းထုတ်မှုနှင့်အတူ လူမျိုးတစ်စုကို ဖျက်ဆီးရန် ရည်ရွယ်သည့် လုပ်ရပ်များ ပါဝင်လာပါက ယင်းကို Ethnic Cleansing ဟု မခေါ်နိုင်တော့ကြောင်း ထောက်ပြခဲ့သည်။

Prof. Newton က မြန်မာစစ်တပ်၏ လုပ်ရပ်များတွင် ကိုယ်ဝန်လအဆုံးအဆင့်ရှိ အမျိုးသမီးများအပါအဝင် အုပ်စုလိုက် မုဒိန်းကျင့်မှုများ၊ နို့စို့ကလေးများနှင့် အပြစ်မဲ့ ပြည်သူများကို အရှင်လတ်လတ် သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ၊ ထွက်ပြေးနေသည့် ရိုဟင်ဂျာများကို ဝိုင်းရံပိတ်ဆို့ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုများနှင့် ရာနှင့်ချီသော ရိုဟင်ဂျာရွာများကို အမှတ်အသားမကျန်အောင် ဖျက်ဆီးခဲ့မှုများ ပါဝင်ကြောင်း အထောက်အထားများနှင့်အတူ တင်ပြခဲ့သည်။

၎င်းလုပ်ရပ်များသည် လူမျိုးတစ်စုကို ဒေသမှ ဖယ်ရှားလိုခြင်းသာ မဟုတ်ဘဲ လူမျိုးတစ်စုကို တိုက်ဖျက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားစွာ ပြသနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကို Genocidal Intent အဖြစ်သာ သတ်မှတ်ရမည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် လူမျိုးတုန်းသတ်ဖြတ်မှု၏ အရေးပါသော လက္ခဏာများဖြစ်သည့် Genocide Indicators များကိုလည်း ထင်ရှားစွာ တွေ့ရှိရကြောင်း Prof. Newton က ခြုံငုံသုံးသပ်ခဲ့သည်။ ၎င်းတို့မှာ

    – အချိန်ကြာမြင့်စွာ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ကျူးလွန်ခဲ့သော လုပ်ရပ်များ (Repetition)

    – ရိုက်နှက်ပစ်ခတ်မှု၊ မုဒိန်းကျင့်မှု၊ မီးရှို့ဖျက်ဆီးမှုများ ပုံစံတူ ဆောင်ရွက်ခဲ့ခြင်း (Similarity)

    – ပစ်မှတ်ထားခံရသူအားလုံးမှာ ရိုဟင်ဂျာများသာ ဖြစ်နေခြင်း (Targeting)

    – ပြည်သူများကို ကြောက်ရွံ့စေကာ ဖယ်ရှားလိုသည့် ရည်ရွယ်ချက်တစ်ခုတည်းကို ဆက်တိုက် လိုက်နာနေခြင်း (Consistent Purpose)

    – တပ်မတော်နှင့် မဟာမိတ်အဖွဲ့များ၏ စနစ်တကျ ပါဝင်မှုရှိခြင်း (State Orchestration) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အချက်အလက်များအားလုံးကို ပေါင်းစည်းသုံးသပ်ပါက မြန်မာစစ်တပ်၏ ၂၀၁၆–၂၀၁၇ ခုနှစ် စစ်ဆင်ရေးများသည် Ethnic Cleansing အဆင့်ကို ကျော်လွန်ပြီး လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိသည့် လုပ်ရပ်များဖြစ်ကြောင်း ICJ တရားသူကြီးများရှေ့တွင် ထင်ရှားစွာ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

April 23, 2026
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ် ‌ဒေါက်တာ အဗ္ဗဒူလာ ဇာဖာရ် ဘင် အဘီယာ (Dr...
April 22, 2026
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခေါ်လီလူရ် ရာမန် (Khalilur Rahman ) က ရိုဟင်ဂျာ...
April 11, 2026
အိန္ဒိယအာဏာပိုင်များက မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ခံရပြီး နောက်ပိုင်းတွင်...
April 10, 2026
ကော့စ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကြက်ငှက်တုပ်ကွေး (ရေကျောက်) ရောဂါ (Chickenpox)...