စစ်ကော်မရှင် အာဏာသိမ်းထားတဲ့ ၅ နှစ်ဝန်းကျင် ကာလအတွင်း ဒေသတွင်းက လူငယ်ထုကြားမှာ တရားမဝင် မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင် သုံးစွဲမှုူ ပိုများလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုလို လူငယ်ထုကြားမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုများလာတာဟာ စစ်ကော်မရှင် လက်အောက်ခံတွေက လုံခြုံရေး အကြောင်းပြချက်နဲ့ မူးယစ်ဆေးဝါးကို အရင်လို ဖမ်းဆီးမှု မရှိတော့တာ၊ အလွယ် တကူနဲ့ ဈေးပေါပေါ ဝယ်ယူလို့ရနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ လူငယ်လူရွယ်တွေအပြင် အသက်မပြည့်သေးတဲ့ ကလေးသူ ငယ်တွေပါ သုံးစွဲနေကြတဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာမှာကို ဒေသခံတွေကြား စိုးရိမ်မှုတွေ ရှိနေတာပါ။
ဒေသခံတစ်ဦးကတော့ စစ်ကော်မရှင်က အာဏာသိမ်းထားတဲ့ ကာလအတွင်း ရပ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါးတွေကို အိမ်တိုင်းလိုလို ရောင်းဝယ်လာတာကို တွေ့ရပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကအစ ပေါ်ပေါ်ထင်ထင် သုံးစွဲလာတာကို တွေ့နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုလက်ရှိ ကျွန်တော်တို့ ရပ်ကွက်ထဲမှာပေါ့နော်၊ လမ်းထဲမှာ အိမ်တိုင်းလိုလို ဆေးရောင်းတာ၊ WY တွေ ရောင်းတာ၊ အိမ်တိုင်းလိုလို ရောင်းတာ၊ အဲဒီမှာ ပြီးတော့ လာပြီး သူခိုးတွေရော ကြမ်းပိုးတွေရော ကလေးလေးတွေရော (၁၃)နှစ် (၁၀)နှစ် ကလေးလေးတွေက အစ လာပြီး ရှူနေကြတာ၊ တစ်ခါတလေကျရင် သူတို့က အတင့်ရဲတာက အဲဒီ အများသူငါ သွားတဲ့ လမ်းမပေါ်အထိ တက်ပြီး ဆေးထိုင်ရှူနေတာ၊ အဲဒီလိုမျိုးတွေ လုပ်ကြတာ”လို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်ကွက်တွေထဲ မူးယစ်ဆေးဝါး ရောင်းချသူအများစုဟာ စစ်ကော်မရှင် လက်အောက်ခံ တွေကို လိုင်းကြေးပေးထားသူတွေ၊ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေ ဖြစ်တာကြောင့်လည်း တိုင်ကြားဖို့ အတွက် အခက်အခဲ ရှိနေရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို လူငယ်တွေကြားမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုများလာတာကြောင့် နောက်ဆက်တွဲအနေနဲ့ ခိုးဆိုးလုနှိုက်နဲ့ သတ်ဖြတ် လုယက်တာတွေအပြင် စိတ်ဖောက်ပြန်မှုတွေက အစ ပိုမို အဖြစ်များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တဖက်မှာတော့ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက EAO တွေအနေနဲ့ စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်း တစ်ရပ် အနေနဲ့ လုပ်ကိုင် ရပ်တည်ခဲ့သလို အခုအထိလည်း လုပ်ကိုင်နေဆဲ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့က ပြုလုပ်တဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲမှာ အပြစ်ဖို့ထားပါတယ်။
မြေပြင် အခြေအနေအရ လူငယ်တွေကို မူးယစ်ဆေးဝါး ရောင်းချသူ အများစုဟာ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေ ဖြစ်တာကြောင့် ဒေသခံ အများစု မတိုင်ရဲကြသလို တိုင်ကြားပါကလည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေက အစ ရှိတာကြောင့် မသိသလိုဘဲ နေနေရတယ်လို့ သိရပါတယ်။
လက်ရှိ ဒေသတွင်းက လူငယ်တွေ ကြားထဲမှာတော့ မူးယစ်ဆေးဝါး အမျိုးအစားတွေ ဖြစ်ကြတဲ့ WY ဆေးပြား၊ ဆေးခြောက်၊ ဘိန်းစာရွက်အပါအဝင် ကလပ်နဲ့ ဘားတွေမှာ အသုံးပြုနေတဲ့ မူးယစ်ဆေးဝါး အလားသဏ္ဍန်တူ ပစ္စည်းတွေ သုံးစွဲမှု မြင့်တက်နေပေမယ့် စစ်ကော်မရှင်ကတော့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တာ မရှိဘူးလို့ သိရပါတယ်။







