ရှမ်းပြည် တောင်ပိုင်း၊ ရပ်စောက်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ် များတွင် လမ်းကြေး အဆမတန် တောင်းခံနေခြင်းကြောင့် ကုန်စည်စီးဆင်းမှု ထက်ဝက်ကျော်လျော့နည်းသွားသည်ဟု ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။
ရပ်စောက်မြို့နယ် အနီးတစ်ဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးက စစ်ဆေးရေးဂိတ်များ တိုးချဲ့ကာ လမ်းကြေးနှင့် အခွန်အခများကို မတန်တဆ ကောက်ခံနေခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ ထက်ဝက်ကျော် လျော့နည်းသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ဆေးရေး ဂိတ် ၂၅ ခုက လမ်းကြေး သိန်း ၂၀ အထိ တောင်းခံနေသည်ဟု ယာဉ်မောင်းများက ပြောသည်။
ယာဉ်မောင်းတစ်ဦးက “စစ်တပ်လည်း ပေးရတယ်။ ရှမ်းကျား (RCSS/ SSA) လည်း ပေးရတယ်။ PNO လည်း ပါတယ်။ အကုန်တူတူပဲ။ ခရီးသည်ဆို သိပ်မပေးရဘူး။ အဓိက သူတို့ တောင်းတာက ပြောင်းကား၊ ကုန်ကား တွေ။ ပိုက်ဆံပါမှန်း သူတို့ သိတယ်လေ။ မပေးဘူးဆိုရင် ကုန်ရော လူရော ဖြတ်လို့မရဘူး” ဟု ပြောသည်။
ရပ်စောက်မြို့သို့ ဝင်ရောက်သည့် လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်ပေါင်း ၂၅ ခုအထိ ရှိနေပြီး ခရီးသွား လာသူများနှင့် ကုန်သည်များသည် ကားအမျိုးအစားအလိုက် ငွေကျပ် ၃ သောင်းမှ သိန်း ၂၀ အထိ ပေးဆောင်နေရခြင်းဖြစ်သည်။
၎င်းဂိတ်များတွင် စစ်ကော်မရှင်တပ်များ သာမက ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) တို့ကလည်း အသီးသီး ကောက်ခံနေကြသည်။
ကုန်ကားများ အနေဖြင့် သာစည်မြို့မှ ရပ်စောက်သို့ ဝင်ရောက်ရာ မြို့ဦးဂိတ်တွင် တစ်စီးလျှင် ၂ သိန်းကျပ် ပေးဆောင် နေရသလို၊ ကျောက်ဂူဘက်မှ တက်လာပါက ဘန်းကန်ကျေးရွာဂိတ်တွင် ဘီးခွန်အဖြစ် တစ်နှစ်စာ တစ်သိန်းကျပ် ထပ်မံပေးဆောင်နေရသည်ဟု ဆိုသည်။
အဆိုးရွားဆုံးမှာ ဘန်းကန်ကျေးရွာဂိတ်တွင် သီးနှံခွန် အမည်ဖြင့် ၁၀ ဘီးကားတစ်စီးလျှင် သိန်း ၂၀ ကျပ်၊ ၆ ဘီးကား ၁၈ သိန်းကျပ်နှင့် ၁၂ ဘီးကား ၁၅ သိန်းကျပ် စသည့်ဖြင့် မတန်တဆ ကောက်ခံနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက လမ်းခရီးဖြတ်သန်းခဲ့သူတစ်ဦးက “ဂိတ်တွေက အကာကွယ်ပေးဖို့လား၊ ဓားပြတိုက်ဖို့ လားတောင် မသဲကွဲတော့ဘူး။ လာရင် ဘေးချရပ်ခိုင်းတယ်။ လုံးဝမစစ်ဘူးနော်။ ဘာပါလဲ မေးတယ်။ ကုန်စည် အပေါ်မူတည်ပြီး ပိုက်ဆံဆောင်းတယ်။ အချင်းချင်းလည်း သူတို့ ညှိထားတယ်။ ရှေ့ဂိတ်မှာ ဆောင်ထားတာ စာရွက် ပြရတယ်။ နောက်ဂိတ်က အဲအတိုင်း တောင်းတယ်” ဟု ပြောသည်။
လက်ရှိတွင် သာစည်မှ ရပ်စောက်မြို့အထိ လမ်းတလျှောက်၌ နန့်ပလန်တံတား၊ ကျောက်ဆုံ၊ မန်ကျည်းကုန်း၊ ကျောက်ဂူ၊ အင်တော၊ ဇော်ဂျီဆည်၊ လယ်ခေါင်း၊ ထင်းကွင်းသဲတောင်၊ တပ်ဦး နှင့် ဗထူးမြို့အနီးရှိ မင်းကြီး သုံးပါးဂိတ် အပါအဝင် စုစုပေါင်း ဂိတ်ပေါင်း ၂၅ ဂိတ်က စောင့်ကြိုကောက်ခံနေခြင်း ဖြစ်သည်။
ဤကဲ့သို့ လမ်းကြေးများ အဆမတန် မြင့်မားလာမှုကြောင့် ယခင်က တစ်ရက်လျှင် အစီးရေ ၆၀ ခန့် ထွက်ရှိသည့်ကုန်စည်ကားများသည် လက်ရှိတွင် အစီးရေ ၂၀ ခန့်သာ ထွက်ခွာနိုင်တော့ကြောင်း ယာဉ်မောင်းများက ပြောသည်။
ယခုကဲ့သို့ ကုန်စည်စီးဆင်းမှု လျော့ကျသွားခြင်းကြောင့် လာမည့်လပိုင်းအတွင်း ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် များတွင် ကုန်စည်ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမည့်အန္တရာယ်ကို ကုန်သည်များက စိုးရိမ်မကင်း ခန့်မှန်းပြောဆိုနေကြသည်။
ဓါတ်ပုံ - ပုံဟောင်း (ရပ်စောက်-ကျောက်ဂူလမ်းပိုင်း)







