ဖားကန့်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်သတ်ခံရပြီး နောက်ထပ်တစ်ဦးဖမ်းဆီးခံရ

ဖားကန့်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်သတ်ခံရပြီး နောက်ထပ်တစ်ဦးဖမ်းဆီးခံရ

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းဆီးခံသွားရတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်ည ၇ နာရီဝန်းကျင် မရှိကထောင်ရပ်ကွက် နန်းဦးရေခဲစက်ရှေ့အနှိပ်ခန်းအနီး ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးကို ကားတစ်စီးနဲ့လူတစ်စုလိုက်လာပြီး ဝင်ပစ်သွားတဲ့အတွက် ဆိုင်ကယ်မောင်းသူပွဲချင်းပြီး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဖမ်းခံသွားရတာဖြစ်တယ်လို့ ဖားကန့်မှာနေထိုင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

“အမျိုးသားတစ်ယောက်က ဆိုင်ကယ်ကယ်ရီသမားကို ဆိုင်ကယ်ကယ်ရီငှားတာ အဲအနှိပ်ခန်းအနီးအရောက် နောက်ကနေ ကားတစ်စီးနဲ့လိုက်လာပြီး ပစ်သွားတာ။ ကယ်ရီသမားက ဆုံးသွားတယ်။ အဲဆိုင်ကယ်ကယ်ရီငှားလာတဲ့အမျိုးသားကိုကျတော့ ဖမ်းသွားတယ်လို့ သိရပါတယ်”လို့ ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ဆိုင်ကယ် ကယ်ရီသမားဟာ ကိုမင်းဆိုသူဖြစ်ပြီး ဖားကန့်မြို့တွင်း  ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်တယ်လို့ သိရပြီး ဖမ်းဆီးခံသွားရသူက မည်သူမည်ဝါဖြစ်တယ်ဆိုတာကို မသိရကြောင်း သူက ဆက်ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်တဲအ့ဖွဲ့ကိုတိတိကျကျ မသိရပေမယ့် ဒေသတွင်းနေထိုင်တဲ့ပြည်သူတစ်ဦး သုံးသပ်ချက်အရ ဒီဖြစ်စဉ်ကိုကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်လို့ ခုလိုသုံးသပ်ထားပါတယ်။

“ခုဖြစ်တဲ့နေရာက မရှီကထောင်ကြိုးတံတား မရှီကထောင်နဲ့ ငှက်ပျောတောရပ်ကွက်ကိုချိတ်ထားတာ။ ငှက်ပျောတောဘက်ခြမ်းမှာက ဘန်ကာတွေ၊ သဲအိတ်တွေချပြီးထိုင်ထားတာဖြစ်တဲ့အတွက် အဲနားကို တော်လှန်ရေးတပ်ဖွဲ့တွေကလည်းသွားပြီး မစ်ရှင်လုပ်မှာမဟုတ်ဘူး။ အဲကြောင့် အဲမစ်ရှင်ကိုလုပ်တာက စစ်တပ်ဘက်က သူတို့ဟာသူတို့ အချက်လက်မှားနဲ့ဘယ်လိုဖြစ်သွားလဲ မသိဘူး။ သေဆုံးတာကလည်း ပြည်သူ၊ ဖမ်းခံရတာလည်းပြည်သူပဲ။ ဒါပေမယ့် ဖမ်းခံသွားရတဲ့သူက ဘယ်သူဘယ်ဝါလဲဆိုတာလည်း မသိရဘူး”ဖားကန့်မြို့မှာနေထိုင်တဲ့အမျိုးသားတစ်ဦးက သုံးသပ်ပါတယ်။

ဖားကန့်မြို့မရှီကထောင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက် ကျောက်စိမ်းသူစားသောက်ဆိုင်တွင် မွေးနေ့ပွဲလုပ်နေတဲ့ လူငယ် ၁၀ ဦး၊  ဩဂုတ်လ ၂၉ ရက်နေ့ ကျေက်စိမ်းတောင်တံတားထိပ်မှာ လူငယ် ၁၅ ဦး၊ အလားတူ စက်တင်ဘာလမှာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး မြို့ခံ လူငယ် ၄၀ ခန့်ကို စစ်တပ်က ဖမ်းဆီးသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

ဒါ့အပြင် ဖားကန့်မြို့မှာ လတ်တလော စစ်တပ်က ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပဖို့အတွက် မြို့ပေါ် ရပ်ကွက် (၅)ခုမှာ မဲရုံထောင်ဖို့ပြင်ဆင်နေပြီး လတ်တလော မြို့တွင်း စာသင်ကျောင်းတွေမှာ လုံခြုံရေအပြည့် ချထားသလို မြို့တွင်းအဝင်ထွက်လည်း စစ်ဆေးတာတွေရှိနေတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဟာ လူဦးရေပေါများသလို မကြာခဏဆိုသလို ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေရှိပေမယ့် ၂၀၂၆ ခုနှစ်မှာတော့ ဒီဖြစ်စဉ်ဟာ ပထမဆုံး ဖြစ်စဉ်လို့ သိရပါတယ်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...