လေကြောင်းနဲ့ လက်နက်စနစ်တွေ ဖြည့်တင်းနေတယ်လို့ စစ်တပ်ပြော

လေကြောင်းနဲ့ လက်နက်စနစ်တွေ ဖြည့်တင်းနေတယ်လို့ စစ်တပ်ပြော
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က သမားရိုးကျ စစ်ပွဲအပြင် သမားရိုးကျမဟုတ်တဲ့ စစ်ပွဲတွေနဲ့ စိန်ခေါ်မှုတွေကို ခုခံတွန်းလှန်နိုင်ရေး လေကြောင်းနဲ့ လက် နက်စနစ်တွေ ဝယ်ယူဖြည့်တင်းနေပါတယ်။

ခေတ်မီလေတပ်ဖြစ်ရေး လေယာဉ်၊ ရဟတ်ယာဉ်တွေ မောင်းသူမဲ့လေယာဉ်နဲ့ လက်နက်စနစ်တွေ ဝယ်ယူဖြည့်တင်းမှုကို အလေးထားလုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်က မိတ္ထီလာမြို့ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ ပြုလုပ်တဲ့ လေယာဉ်မောင်းသင်တန်း၊ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားမှာ သူကထည့်သွင်းပြောကြားခဲ့တာပါ။

လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ လက်နက်စနစ်တွေကို မောင်းနှင်ကိုင်တွယ်အသုံးပြုရမှာဖြစ်လို့ ခေတ်မီနည်းပညာတွေကို စွမ်းအားပြည့် အသုံးပြုတိုက်ပွဲဝင်နိုင်ရေး အဆက်မပြတ် လေ့ကျင့်ပြင်ဆင်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေတပ်အနေနဲ့ သမားရိုးကျစစ်ပွဲအပြင် သမားရိုးကျ မဟုတ်တဲ့ စစ်ပွဲတွေနဲ့ စိန်ခေါ်မှုတွေကို ခုခံတွန်းလှန်နိုင်ရေး ရည်မှန်းချက်ထားလုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောဆိုခဲ့တာပါ။

လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ CDM ပြုလုပ်ထားတဲ့ တပ်ကြပ်ကြီး ဇေယျက စစ်တပ်အနေနဲ့ တိုက်ပွဲတွေမှာ လေကြောင်းနဲ့ ဖိအားပေးပြီး အသာစီးယူထားမယ်ဆိုတဲ့ ပုံစံမျိုးလို့ သုံးသပ်ပါတယ်။

“စစ်တပ်မှာသုံးမယ့် ကုန်တင်လေယာဉ်အမျိုးအစားထဲမှာ ထပ်ပြီးဝယ်ယူဖို့ အားဖြည့်မှုတွေ ကြိုး စားနေတာတွေ ရှိတယ်။ အဲဒီတော့ ဒါက လေကြောင်းအတွက်က တော်တော် စိုးရိမ်စရာကောင်းတယ်။ထပ်ပြီးတော့ လေကြောင်းနဲ့ပဲ ဖိအားပေးပြီး စစ်ပွဲကို သူတို့ အသာစီးယူထားမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါ ခေတ်သစ်စစ်ပွဲတွေမှာ ဒီအတိုင်းပဲ လေကြောင်းနဲ့အရင် ဖိအားပေးပြီး အသာစီးယူပြီးတော့မှ မြေပြင်က စစ်ကြောင်းထိုးတဲ့လုပ်ရပ်တွေကို သူတို့လည်း ဒါကို ပိုပြီး ပြင်းပြင်းထန်ထန် လုပ်လာနိုင်တယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေမှာ စိုးမိုးနယ်မြေတွေနဲ့အတူ တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် တပ်စခန်းများစွာ ဆုံးရှုံးခဲ့ရတဲ့ စစ်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ လေကြောင်းအရေးသာမှုကို ပိုမိုအားထားလာခဲ့ပါတယ်။

စစ်တပ်အနေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကို ရင်ဆိုင်ရတဲ့အခါ စစ်ကူပို့ဆောင်တာ၊ ပြောင်းရွှေ့တာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဆောင်တာအပါအဝင် စစ်ရေးအရ ဖိအားပေးဖို့ ဝေဟင်စစ်ဆင်ရေးတွေနဲ့ အပြောင်းအလဲလုပ်လာခဲ့တာပါ။

ဒီအတွက် မောင်းသူမဲ့လေယာဉ် ဒရုန်းတွေ၊ Paramotor နဲ့ Gyrocopter တို့လို အလွယ်တကူ အ သုံးပြုနိုင်တဲ့ စက်တပ်လေထီးတွေအပါအဝင် ရဟတ်ယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေကို ပိုမိုအသုံးပြုလာနေသလို လေတပ်အခမ်းအနားတွေမှာလည်း အသစ်ဖြည့်တင်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့က နေပြည်တော် လေတပ်စခန်းမှာ ပြုလုပ်ခဲ့တဲ့ လေတပ်ရဲ့ လေ ယာဉ်၊ရဟတ်ယာဉ်တွေ တပ်တော်ဝင်ခြင်းအခမ်းအနားမှာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သုံးစီးနဲ့ အခြားလေယာဉ် နှစ်စီးတို့ကို စစ်တပ်က ထပ်မံဝယ်ယူထားတာပါ။

အာဏာသိမ်းမှုအတွင်း လွှတ်တော်မရှိဘဲ ကာကွယ်ရေးအသုံးစရိတ်ကို လိုသလောက်ပမာဏနဲ့ ထုတ်ယူသုံးစွဲနေတဲ့ စစ်တပ်ဟာ ဘဏ္ဍာရေးနှစ်အလိုက် တစ်နှစ်ထက်တစ်နှစ် ပိုပြီး အသုံးစရိတ်တိုးမြှင့်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအချက်အလက်တွေအရ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အသေးစိတ် မထုတ်ပြန်တော့ပါဘူး။

၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေထဲမှာ ပြည်ထဲရေးနဲ့ ကာကွယ်ရေးအသုံးစရိတ်တို့ကို တိုးမြှင့်ထားပြီး ပမာဏအတိအကျကိုတော့ တရားဝင် အသိပေးထုတ်ပြန်တာ မရှိခဲ့ပါဘူး။

တစ်ဘက်မှာ ဝေဟင်စစ်ဆင်ရေးတွေကို အရှိန်မြှင့်ပြီး တော်လှန်ရေးအဖွဲ့တွေလှုပ်ရှားတဲ့ နေရာတွေနဲ့ ထိန်းချုပ်နယ်မြေတွေကို ကင်းထောက်ဒရုန်းတွေ အသုံးပြုကာ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်တဲ့အပြင် အသေခံဒရုန်းတွေနဲ့ပါ လုပ်ဆောင်လာတာပါ။

ဒီအတွက်ကြောင့် ပြီးခဲ့တဲ့ တစ်နှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၈၀၀ ကျော် ရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း နေအိမ် ၃၅၀၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၂၃၀ နီးပါး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားတာပါ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာ ဖော်ပြချက်အရ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေ၊ ကျန်မာရေးနဲ့ ပညာရေး အဆောက်အဦးတွေကို အများဆုံး ပစ်မှတ်ထား ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ စစ်တပ်စိုးမိုးထားတဲ့ နယ်မြေတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်တဲ့အခါ အဲဒီဒေသကို အုပ်ချုပ်လို့ မရအောင် ပြည်သူတွေ မ‌ထောက်ခံရလေအောင် လေကြောင်းကနေ ဖိအားပေးတဲ့ သဘောလို့ သုံးသပ်ကြပါတယ်။

ဒါ့အပြင် သမားရိုးကျစစ်ပွဲအဖြစ် တော်လှန်ရေးတပ်တွေကို မြေပြင်ချင်း ထိတိုက်ရင်ဆိုင်ဖို့ စစ်ဗျူဟာအရရော စိတ်ဓာတ်ရေးရာအရပါ စစ်တပ်က မယှဉ်နိုင်တဲ့အတွက် လေကြောင်းအသုံးပြုပြီး မြေပြင်တပ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်တာမျိုးတွေလည်း လုပ်ဆောင်နေတာပါ။

CDM တပ်ကြပ်ကြီး ဇေယျကတော့ လက်နက်ခဲယမ်းစီးဆင်းမှုလမ်းကြောင်းတွေကို ပိတ်ဆို့ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအားကောင်းတဲ့ အညာဒေသကို လေကြောင်းတိုက်ခိုက်မှု ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အညာဒေသကို လုပ်တဲ့အချိန်မှာ လေယာဉ်ထက် ဂျိုင်ရိုကော်ပတာလိုမျိုး ပါရာမော်တာလိုမျိုးတွေကို ပိုပြီး သုံးလို့ အဆင်ပြေတယ်။ အဲဒီတော့ သူတို့အတွက် ကုန်ကျစရိတ်လည်း သက်သာတယ်၊ ဒရုန်းတွေ ပါရာမော်တာတွေကို ပိုပြီး သုံးပြီးတော့ အညာဒေသမှာ စစ်ဆင်ရေးတွေ လုပ်လာနိုင်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားနယ်မြေတွေ တောင်တန်းဒေသတွေကိုတော့ လေကြောင်းကို သုံးပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲဖို့ လုပ်လာနိုင်ပါတယ်”လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအလွန် ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ တရုတ်အစိုးရဖိအားကြောင့် စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲထားတဲ့အတွက် ရှမ်းမြောက်က သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ငြိမ်သက်သွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ၁၄ မြို့နယ်အထိ သိမ်းပိုက်ထားနိုင်တဲ့ အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေကိုတော့ စစ်တပ်က မကြခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို တော်လှန်ရေးတပ်တွေ လှုပ်ရှားတဲ့ အခြားဒေသတွေကိုလည်း အလားတူ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တစ်ဘက်မှာ မိတ်ဘက်နိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံအစိုးရဟာ မြန်မာစစ်တပ်နဲ့ အရေးပါတဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ Justice For Myanmar ရဲ့ သုတေသနမှာ ဖော်ထုတ်ထားတာကို ပြီးခဲ့တဲ့နှစ် ဇွန် ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

မြန်မာ့လေကြောင်းကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC)၊ သုံးဘက်မြင်ရေဒါနည်းပညာနဲ့ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေ အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာတွေကို ဘယ်လာရုစ်အစိုးရက စစ်တပ်ထံ လွှဲပြောင်းရောင်းချတာတွေကို အတည်ပြုထားတာ ဖြစ်ပါတယ်။

Most read this week

January 23, 2026
ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တွေအနေနဲ့ လာမယ့် ဇန်နဝါရီ ၂၅...
January 22, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး...
January 21, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ ဒေသတွင်း...
January 20, 2026
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားမှု အရေအတွက်ကြိမ်နှုန်း...