ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့် ကုန်ကြမ်းထည်များရရှိရေး ခက်ခဲနေသော်လည်း ရိုးရာရက္ကန်းလုပ်ငန်း မပျောက်ပျက်ရလေအောင် ကြိုးစားရက်လုပ်နေသူများရှိနေသည်ဟု သိရသည်။
လက်ရှိ စစ်ရေးကာလဖြစ်သည့်အတွက် စစ်ကော်မရှင်က ရခိုင်ပြည်နှင့် ပြည်မဘက်သို့ဆက်သွယ်သည့် ကုန်းလမ်း၊ ရေလမ်းတို့ကို ဖြတ်တောက်ထားသည့်အတွက် ရခိုင်ပြည်အတွင်း ရိုးရာရက္ကန်းလုပ်ကိုင်သူများတွင်လည်း ကုန်ကြမ်းရရှိရေး ခက်ခဲနေကြခြင်းဖြစ်သည်။
သို့သော် ရခိုင်ရိုးရာရက္ကန်းလုပ်ငန်း မပျောက်ပျက်အောင်အတွက် ယခင်လက်ကျန်ရှိထားသည့်ကုန်ကြမ်းများဖြင့် အသက်ဆက်နေရသည်ဟု ကျောက်တော်မြို့နယ်အတွင်းတစ်နေရာတွင် စစ်ဘေးရှောင်ရင်း ရခိုင်ရိုးရာရက္ကန်းရက်လုပ်နေသူ ဒေါ်ခင်အေးကြည်က နိရဉ္စရာကို ပြောသည်။
"ဟိုးတုန်းကဆို လိုအပ်တဲ့ကုန်ကြမ်းတွေကို ပင်ရင်းဆိုင်ကနေ လိုအပ်ရင် လိုအပ်သလို စိတ်ကြိုက်ယူလို့ရတယ်။ ပစ္စည်းပြတ်နေတဲ့အချိန်တွေမှာဆို အခက်အခဲတွေရှိခဲ့တယ်"ဟု ပြောသည်။
အသက် ၄ဝ ကျော်အရွယ် ဒေါ်ခင်အေးကြည်သည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ မြစ်နားကျေးရွာမှဖြစ်သည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်မှစတင်ကာ စစ်ဘေးရှောင်လာရင်း ရက္ကန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသူလည်းဖြစ်သည်။
"စစ်ကောင်စီက ရွာကိုမီးရှို့တော့ ကုန်ကြမ်းတွေလည်း မီးထဲပါသွားပြီ။ ခုလည်း ကိုယ်နိုင်သလောက် သယ်လာခဲ့တဲ့ ကုန်ကြမ်းတွေနဲ့ပဲ ဆက်ပြီးတော့ ကုန်ချောထုတ်နေရတာ"ဟု ပြောသည်။
ရက္ကန်းရက်လုပ်သူများတွင် အဓိက လိုအပ်နေသည့်ကုန်ကြမ်းများမှာ ချည်၊ ပိုးအကျိတ်၊ ပွဲတက်အဆင်များအတွက် ထိုင်းချည်နှင့် ပိုးသီးကြီးတို့ဖြစ်သည်ဟု ဆိုသည်။
ဒေါ်ခင်အေးကြည်တို့နေထိုင်ခဲ့သည့် မြစ်နားကျေးရွာတွင် ရက္ကန်းစင်ပေါင်း ၂၄ဝ ကျော်ရှိသည်ဟုလည်း ပြောသည်။
ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းကို စစ်တွေမြို့နယ်အတွင်းရှိ မြစ်နားကျေးရွာအပါအဝင် ဝါဘို၊ တောကန်၊ ရာတန်၊ မင်းလှ၊ အောင်ဇေယျ၊ ညိုရောင်ချောင်း၊ ကံ့ကော်ကျွန်းရွာတို့အပြင် အနီးအနားမှ တခြားကျေးရွာများတွင်လည်း အများအပြားရက်လုပ်တတ်ကြကြောင်း သိရသည်။
အဆိုပါကျေးရွာများမှထွက်ရှိသည့်ရက္ကန်းအထည်များကို ယခင်က ဒေသတွင်းဈေးကွက်အပြင် ရန်ကုန်ဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြသည်။
ယခုအခါ ရက္ကန်းရက်လုပ်ကြသည့်အဆိုပါကျေးရွာများအားလုံးသည် စစ်ဘေးရှောင်လျက်ရှိပြီး ရက္ကန်းလုပ်ငန်းများကိုလည်း ကုန်ကြမ်းအခက်အခဲကြားမှ စစ်ဘေးရှောင်ဘဝဖြင့် ဆက်လုပ်နေသူများလည်းရှိနေသည်ဟု သိရသည်။
စစ်ဘေးရှောင်လာစဉ် ရက္ကန်းစင်များကို သယ်ဆောင်မလာနိုင်ခဲ့သူများတွင်မူ ရက္ကန်းအလုပ်ကို ဆက်မလုပ်နိုင်ဖြစ်နေရသည်ဟု ပြောကြသည်။
ကံ့ကော်ကျွန်းကျေးရွာတွင် ရက္ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် စစ်ဘေးရှောင်နေရသူ အမျိုးသားတစ်ဦးက “ကျနော်တို့ စစ်ဘေးရှောင်လာတော့ ရက္ကန်းစင်ရယ်၊ ဆက်စပ်ပစ္စည်းတွေ အားလုံးကို ထားခဲ့ရတယ်။ ဘာမှ ယူလို့ မရခဲ့ဘူး။ ရက်ပြီးသားအထည်တွေလည်း အများကြီးကျန်ခဲ့တယ်။ ကျနော်တို့ စစ်ဘေးရှောင်လာပြီးတဲ့နောက် ရွာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲပြီး ရွာမှာကျန်ခဲ့တဲ့ နေအိမ်တွေနဲ့ ရက္ကန်းစင်တွေကိုဖျက်ဆီးသွားတော့ အကုန်လုံး ပျက်စီးသွားခဲ့ပြီ။ ဆိုတော့ အခု ရက္ကန်းအလုပ်ကိုလည်း ကျနော်တို့ မလုပ်နိုင်ဖြစ်နေရပါတယ်”ဟု နိရဉ္စရာကို ပြောသည်။
ယခုလက်ရှိကာလ စစ်ဘေးရှောင်နေစဉ်တွင် ရက္ကန်းရက်လုပ်ရန် ကျယ်ဝန်းသောမြေနေရာနှင့် ပြည်မဖက်မှ ကုန်ကြမ်းများကို အလွယ်တကူ ရရှိလျှင် ရခိုင်ရိုးရာရက္ကန်းထည်လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်သွားရန် ဆန္ဒရှိကြောင်းလည်း ဒေါ်ခင်အေးကြည်က ဆက်ပြောသည်။
"ကုန်ကြမ်းပစ္စည်းတွေရရင် ဝါသနာပါတဲ့ လူငယ်တွေကို သင်ပေးသွားမယ်။ တတ်ပြီးသား ကျွန်မတို့ ဇာတိမြေက လူငယ်တွေကလည်း ဝန်ထမ်းဖြစ်ချင်တယ်ဆိုရင် ဖိတ်ခေါ်သွားမယ့်ဆန္ဒရှိတယ်။ အဓိက ကုန်ကြမ်းတွေမရနိုင်သေးတာမို့ ကုန်ကြမ်းတွေရရင် အများကြီးလုပ်သွားမယ်။ ကျွန်မတို့ ရခိုင်အမွေအနှစ်ဖြစ်တဲ့ အထည်တွေလည်း မတိမ်ကော၊ မပျောက်သွားရအောင်ပါ"ဟု ပြောသည်။
စစ်ဘေးရှောင်မရှောင်မီက စစ်တွေမြို့ရှိ ပင်ရင်းအထည်ဆိုင်သို့သွင်းဈေးမှာ ရက္ကန်းထည် ကုန်ချောတစ်ထည်လျှင် အနိမ့်ဆုံး ကျပ် ၂၅,၀၀၀ မှ အမြင့်ဆုံး ကျပ် ၃,၅၀၀၀ အထိရှိခဲ့ပြီး လက်ရှိတွင် ရိုးရာအထည် (လက်ချိတ်အထည်)တစ်ထည်လျှင် ကျပ် တစ်သိန်းဝန်းကျင်အထိ ရောင်းဈေးရှိနေကြောင်း ဒေါ်ခင်အေးကြည်က ပြောသည်။
လက်ရှိရက်လုပ်ရာမှ ထွက်ရှိလာသည့်ကုန်ချောအထည်များကို ဒေသတွင်းရောင်းချခြင်းထက် ရန်ကုန်ရှိ ပင်ရင်းဆိုင်တစ်ခုသို့ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည့်ကြားမှ ခက်ခက်ခဲခဲ တင်သွင်းလျက်ရှိသည်ဟုလည်း ဆိုသည်။
ရက္ကန်းစင်တစ်ခုတွင် ချည်လိပ်ချား၊ ရစ်၊ ရစ်ဖောက်၊ ယက်ဖောက်၊ လွန်း၊ နယ်ဂန်၊ အထည်သားလိပ်၊ စီး၊ ယဉ်ဘောင်၊ ယဉ်သွား၊ ပန်းဖော်ပျဉ်ပြား၊ ပင်တိုင်ချည်နှင့် ချည် စသည်တို့အပြင် အခြားလိုအပ်သည်များ ပါရှိကြောင်း သိရသည်။
ရခိုင်တွင် ရက္ကန်းလုပ်ငန်းကို စစ်တွေမြို့နယ်အပြင် မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် သံတွဲမြို့နယ်တို့တွင်လည်း လုပ်ကိုင်တတ်ကြကြောင်း သိရသည်။
ဓာတ်ပုံ - ကျောက်တော်မြို့နယ်ရှိ ရွာတစ်ရွာတွင် စစ်ဘေးရှောင်ရင်း ရက္ကန်းရက်နေသည့် ဒေါ်ခင်အေးကြည်၏ ရက္ကန်းလုပ်ငန်းခွင်မြင်ကွင်းများကို ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်က တွေ့ရစဉ်။







