ရိုဟင်ဂျာ အရေးအခင်းအတွက် ဂုဏ်သရေရှိ အဆင့်မြင့် အကြံပေးအရာရှိ၏ ကိုယ်စားပြု အဆင့်မြင့် ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသည့် ဘင်္ဂလားဒေ့ရှ် အမျိုးသား လုံခြုံရေး အကြံပေး မစ္စတာ ခါလီလူရ် ရာမန် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရိုဟင်ဂျာ အမျိုးသားအဖွဲ့အစည်း United Council of Rohingya (UCR) နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း UCR က ထုတ်ပြန်ခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့တွင် ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရပ်ချထားရေး ကော်မရှင်နာ (RRRC) မစ္စတာ မိုဟာမက် မီဇာနူးရ် ရာမန် အပါအဝင် အဆင့်မြင့် အစိုးရ အရာရှိများ ပါဝင်ခဲ့သည်။
ဆွေးနွေးပွဲအတွင်း လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ ကြုံတွေ့နေရသော အခြေအနေများနှင့် အရေးအခင်းကို ရေရှည်တည်တံ့ပြီး အပြီးသတ် ဖြေရှင်းနိုင်ရေးအတွက် အနာဂတ် အစီအစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ဒုက္ခသည်များ ကာကွယ်စောင့်ရှောက်ရေး၊ ဒေသဆိုင်ရာ တည်ငြိမ်ရေးနှင့် ရေရှည် ဖြေရှင်းနည်းလမ်းများကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ UCR သမ္မတအဖွဲ့ဝင်များနှင့် အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ရိုဟင်ဂျာ အခွင့်အရေးများ၊ လုံခြုံရေး စိုးရိမ်ချက်များနှင့် ရေရှည်ဖြေရှင်းနည်းများအပေါ် အကြံပြုချက်များကို တင်ပြခဲ့ကြသည်။
UCR သမ္မတ ဆိုင်ယက်ဒ် အူလ္လာက ရိုဟင်ဂျာ အရေးအခင်း ဖြေရှင်းရာတွင် ညီညွတ်မှု၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပြီး၊ “ရိုဟင်ဂျာ အရေးအခင်းကို ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရန် ကမ္ဘာတစ်ဝှမ်းရှိ ရိုဟင်ဂျာ ခေါင်းဆောင်များနှင့် လှုပ်ရှားသူများ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ကျွန်ုပ်တို့ ဖိတ်ခေါ်လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် စခန်းအမှတ် (၄) ရှိ Camp-in-Charge စခန်းတာဝန်ခံ ရုံးသို့လည်း သွားရောက်ခဲ့ပြီး ရိုဟင်ဂျာ လူထု ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုအစည်းအဝေးသို့ RRRC မစ္စတာ မိုဟာမက် မီဇာနူးရ် ရာမန်နှင့် အခြား အဆင့်မြင့် ဘင်္ဂလားဒေ့ရှ် အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် စခန်းအတွင်း လုံခြုံရေး စိုးရိမ်ချက်များ၊ လူသားချင်းစာနာရေး လိုအပ်ချက်များ နှင့် ရိုဟင်ဂျာ ဒုက္ခသည်များ၏ ရေရှည် အနာဂတ် အလားအလာများကို အဓိကထား ဆွေးနွေး ခဲ့ကြောင်း ပါဝင်သူများက ပြောကြားခဲ့သည်။ ရိုဟင်ဂျာ ကိုယ်စားလှယ်များက လုံခြုံရေး၊ ဝန်ဆောင်မှု ရရှိနိုင်မှုနှင့် အနာဂတ်အပေါ် မသေချာမှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်ချရာတွင် ၎င်းတို့၏ အသံများကို ထည့်သွင်း စဉ်းစားပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော် ယင်းခရီးစဉ်အပြီးတွင် မည်သည့် မူဝါဒ ဆုံးဖြတ်ချက် သို့မဟုတ် လုပ်ဆောင်မည့် အချိန်ဇယားများကိုမျှ တရားဝင် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။
ထို့အပြင် ကိုယ်စားလှယ်အဖွဲ့သည် ရိုဟင်ဂျာ ဘောလုံးလိဂ် ၂၀၂၆ ပြိုင်ပွဲ၏ ပွဲတစ်ပွဲကိုလည်း တက်ရောက်ကြည့်ရှုခဲ့ပြီး ဒုက္ခသည် လူထုအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။ အစိုးရအရာရှိများက စခန်းအတွင်း လူငယ်များ၏ ပါဝင်ဆောင်ရွက်မှု၊ လူမှုညီညွတ်ရေးနှင့် အပြုသဘောဆောင် လှုပ်ရှားမှုများကို မြှင့်တင်ရာတွင် အားကစား၏ အရေးပါမှုကို အလေးထား ဖော်ပြလိုသည့် ရည်ရွယ်ချက်ဖြင့် ယင်းသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။







