တော်လှန်ရေးအင်အားစုသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့ရဲ့ တစ်ဝက်ကို စစ်တပ်နဲ့ SNA ပြန်လည်ထိန်းချုပ်

တော်လှန်ရေးအင်အားစုသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့ရဲ့ တစ်ဝက်ကို စစ်တပ်နဲ့ SNA ပြန်လည်ထိန်းချုပ်

စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့ ကျေးရွာတစ်ချို့ကို စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်သွားတာကြောင့် မြို့ရဲ့တစ်ဝက်ကို တော်လှန်ရေးအင်အားစုဘက်က လက်လွှတ်လိုက်ရပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၀ ရက်နေ့ ဗန်းမောက်မြို့ပေါ်ကို ထိန်းချုပ်ပြီးနောက် မြို့ကို လက်မလွှတ်ရရေးနဲ့ မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ဖို့ကြိုးစားနေခဲ့ပြီး နှစ်ဖက်တပ်တွေအကြား ဗန်းမောက်မြို့ပြင်မှာ မကြာခဏထိတွေ့တိုက်ပွဲတွေပြင်းထန်နေခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာပဲ တော်လှန်ရေးအင်အားစုတွေဘက်က မြို့တွင်းထိန်းချုပ်ထားတဲ့ ကျေးရွာ တချို့ကိုလက်လွှတ်လိုက်ရတာလို့ စစ်ကိုင်းနဲ့ကချင်အစပ်အခြေနေသိရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။

“မြို့ရဲ့တစ်ဝက်လောက်ကိုထိန်းချုပ်သွားတာပေါ့နော်။ တစ်နေ့ကပေါ့နော်။ ၁၈ ရက်နေ့က။ သူတို့ဘက်ကဝင်နေတာတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက။ အဲ့ကတည်းကကို မြို့ထဲစပြီးရောက်လာပြီ။ ၁၈ ရက်နေ့ကျတော့ လွှဆင်ကုန်း နဲ့ မြနန္ဒာ ရပ်ကွက် အဲ့နှစ်ခုကို ၁၈ ရက်နေ့ကျတော့ သူတို့သိမ်းပိုက်လိုက်တာ။ အဲ့ဒါ တစ်ဝက်လောက်‌တော့ သူတို့ရသွားပြီပေါ့နော်”လို့ ပြောပါတယ်။

စစ်ကော်မရှင်နဲ့ SNA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ ဗန်းမောက်မြို့ကိုလက်လွှတ်ပြီးနောက်ပိုင်းမှာ ဟုမ္မလင်းမြို့နယ်မှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နယ်မြေခံ SNA တပ်သားတွေပူးပေါင်းကာ မြို့ကိုပြန်လည်ရရှိဖို့ကြိုးစားနေခဲ့တာလို့ သိရပါတယ်။

“ဗန်းမောက်မှာက တိုက်ပွဲက ခဏခဏဖြစ်နေတာ။ ဖြစ်လိုက်တာနဲ့ပြင်းထန်တော့ ဘယ်နေ့လောက်က တိုက်ပွဲဖြစ်တာလဲ ပြောလို့မရဘူး။ မြို့သိမ်းပြီးတဲ့နောက် သူတို့ SNA တွေမြို့ပြင်ကိုဆုတ်သွားတယ်လေ။ အဲ့တုန်းက ကိုယ့်ဘက်ကလိုက်တိုက်တယ်။ အဲ့ကတည်းက တိုက်ပွဲတွေက မငြိမ်သေးတာပေါ့နော်။ နောက် SNA ဘက်ကပြန်ထိုးလာတဲ့အခါမှာ မြို့အနီးနားဝန်းကျင် မှာနေပြီး SNA တွေကိုတိုက်နေရတာပေါ့။ မြို့သိမ်းပြီးကတည်းက အခုချိန်ထိတိုက်ပွဲကဖြစ်နေတုန်းပဲဗန်းမောက်အခြေနေက”လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ဗန်းမောက်မြို့ကိုတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်အပြီး စစ်ရေးအခြေနေကို ပြောပြပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တွေက စတင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဗန်းမောက်မြို့ပေါ်ကနေ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ဗန်းမောက်မြို့ကိုသိမ်းပိုက်ထားကြတာဖြစ်ပါတယ်။

ဒါ့အပြင် လက်တလောမှာလည်း ကချင်နဲ့စစ်ကိုင်းအစပ်က ကသာမြို့သိမ်းတိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီး မြို့တွင်းနေထိုင် တဲ့ အရပ်သားအများစုဟာ ဘေးလွတ်ရာနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဗန်းမောက်မြို့ဟာ စစ်ကိုင်းတိုင်းထဲက အင်းတော်၊ မော်လူး၊ ပင်လည်ဘူး စတဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့တွေရဲ့အစပ်မှာတည်ရှိတဲ့အပြင် ကချင်ပြည်နယ်အစပ်မှာလည်းတည်ရှိတာကြောင့် စစ်ရေးအရအရေးပါတဲ့မြို့လို့ စစ်ရေး အခြေနေလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...