ကာတာ ပရဟိတအဖွဲ့ နှင့် UNHCR တို့ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအား ထောက်ပံ့ရန် သဘောတူညီချက် ချုပ်ဆို

ကာတာ ပရဟိတအဖွဲ့ နှင့် UNHCR တို့ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအား ထောက်ပံ့ရန် သဘောတူညီချက် ချုပ်ဆို

ကာတာ ပရဟိတအဖွဲ့ (Qatar Charity – QC) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး (UNHCR) တို့သည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ပံ့ရေး လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် သဘောတူညီချက်စာချုပ် (Letter of Understanding – LoU) နှင့် အချက်အလက် မျှဝေရေး ထပ်ဆောင်းစာချုပ် (Data Sharing Addendum) ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် အဖွဲ့အစည်း နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ထားပြီး အထူးသဖြင့် အမိုးအကာနှင့် နေရာချထားရေး (Shelter and Settlement)၊ လူသားချင်းစာနာရေး အကူအညီပစ္စည်းများ ဖြန့်ဝေခြင်းနှင့် အခြေခံဝန်ဆောင်မှုများ ပေးအပ်ခြင်းတို့တွင် အာရုံစိုက် ဆောင်ရွက်သွားမည် ဖြစ်သည်။

သဘောတူညီချက်စာချုပ်ကို UNHCR ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် မစ္စတာ အိုင်ဗို ဖရိုက်ဂျန်ဆင် (Ivo Freijsen) နှင့် ကာတာ ပရဟိတအဖွဲ့ ဘင်္ဂလားဒေ့ရှ် ဌာနခွဲ ဒါရိုက်တာ မစ္စတာ ‌ဇော်ကာရီယား အယ်လ် မိုတိုင်ရ် (Zakarya Al Motair) တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲတွင် မစ္စတာ ဖရိုက်ဂျန်ဆင်က လာမည့်နှစ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များ အတွက် လူသားချင်းစာနာရေး တုံ့ပြန်မှုမှာ အလွန်ခက်ခဲသော အခြေအနေများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

“၂၀၂၆ ခုနှစ်တွင် ရန်ပုံငွေ အခက်အခဲများသည် အလွန်ပြင်းထန်လာနိုင်သည်” ဟု ၎င်းက ဆိုသည်။ 

“ဒီလိုအခြေအနေမျိုးမှာ ကာတာ ပရဟိတအဖွဲ့ လို လူသားချင်းစာနာရေး အဖွဲ့အစည်းများနှင့် ခိုင်မာသော မိတ်ဖက်ပူးပေါင်းမှုများက အရမ်းအရေးကြီးလာပါတယ်။ ပူးပေါင်းညှိနှိုင်းမှု ပိုမိုကောင်းမွန်လာပါက အသက်ကယ်ဆောင်ရွက်မှုများကို ဦးစားပေး ဆောင်ရွက်နိုင်ပြီး ကန့်သတ်ထားသော အရင်းအမြစ်များကို အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိစေနိုင်မည် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မစ္စတာ အယ်လ် မိုတိုင်ရ်ကလည်း ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအား ကာတာ ပရဟိတအဖွဲ့ ၏ အားပေးထောက်ခံမှုနှင့် ကတိကဝတ်သည် မပြောင်းလဲဘဲ ဆက်လက် ရှိနေကြောင်း အတည်ပြု ပြောကြားခဲ့သည်။

“ကာတာ ပရဟိတအဖွဲ့ ဟာ ရိုဟင်ဂျာ ပြည်သူများနဲ့ အတူ ရပ်တည်နေမယ်ဆိုတဲ့ ကတိကို ဆက်လက် ထိန်းသိမ်းထားပါတယ်” ဟု ၎င်းက ဆိုသည်။ 

“ဒီသဘောတူညီချက်က UNHCR နဲ့ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဖွင့်လှစ်ပေးပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ လူထူထပ်ဆုံး ဒုက္ခသည် စခန်းတွေထဲက တစ်ခုမှာ အလွန်ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ နေထိုင်နေရတဲ့ အားနည်းဆုံး ဒုက္ခသည်တွေကို ပိုမိုကောင်းမွန်စွာ ကူညီနိုင်အောင်အခွင့်အလမ်း တွေ ဖန်တီးပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာ အရေးအခင်းသည် ရေရှည် ဆက်လက်ဖြစ်ပွားနေသည့် ရှုပ်ထွေးသည့် လူသားချင်းစာနာရေး အကျပ်အတည်း ဖြစ်သဖြင့် စုပေါင်းလုပ်ဆောင်မှုနှင့် ညှိနှိုင်းပူးပေါင်းမှုများ မရှိမဖြစ်လိုအပ်ကြောင်းလည်း ၎င်းက ထပ်မံ အလေးပေး ပြောကြားခဲ့သည်။

ကာတာ ပရဟိတအဖွဲ့ သည် ၂၀၁၇ ခုနှစ်မှစ၍ ကော့စ်ဘဇား (Cox’s Bazar) ဒေသတွင် ရိုဟင်ဂျာ ဒုက္ခသည်များအား လူသားချင်းစာနာရေး အကူအညီများ ဆက်လက် ပံ့ပိုးပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် ဘာဆန်ချာ (Bhasan Char) ဒေသအထိ ထောက်ပံ့ရေး လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်ခဲ့သည်။

၎င်း၏ ဘက်စုံကဏ္ဍဆိုင်ရာ လုပ်ငန်းများမှာ အမိုးအကာနှင့် နေရာချထားရေး၊ အရေးပေါ် အကူအညီများ၊ ရေ၊ သန့်ရှင်းရေးနှင့် ကျန်းမာရေး (WASH)၊ ကျောင်းသားအစာကျွေးရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကို စခန်းများနှင့် ပြန်လည်နေရာချထားသည့် ဒေသများတွင် အလေးထား ဆောင်ရွက်လျက်ရှိသည်။

ဤကဲ့သို့ ဆက်လက် ဆောင်ရွက်နေသော လူသားချင်းစာနာရေး လုပ်ငန်းများမှတစ်ဆင့် ကာတာ ပရဟိတအဖွဲ့ သည် အရေးပေါ် အသက်ကယ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ဒုက္ခသည် လူထု၏ ရေရှည် ကျန်းမာရေးနှင့် ကိုယ်တိုင်ရပ်တည်နိုင်စွမ်းကိုပါ မြှင့်တင်ပေးရန် ကြိုးပမ်းလျက်ရှိသည်။

၂၀၂၅ ခုနှစ်အတွင်း တစ်နှစ်တည်း၌ပင် ဘင်္ဂလားဒေ့ရှ်ရှိ ကာတာ ချာရတီ၏ လူသားချင်းစာနာရေး လုပ်ငန်းများမှ ရိုဟင်ဂျာ ဒုက္ခသည် ၄၆၇,၀၇၆ ဦးအထိ အကျိုးခံစားခွင့် ရရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ အားနည်းဆုံး ဒုက္ခသည် လူထုများထဲမှ တစ်ခုအတွက် လုံခြုံရေး၊ ကျန်းမာရေးနှင့် ကာကွယ်စောင့်ရှောက်မှု အခြေအနေများကို တိုးတက်ကောင်းမွန်စေခဲ့သည်။

April 23, 2026
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ် ‌ဒေါက်တာ အဗ္ဗဒူလာ ဇာဖာရ် ဘင် အဘီယာ (Dr...
April 22, 2026
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခေါ်လီလူရ် ရာမန် (Khalilur Rahman ) က ရိုဟင်ဂျာ...
April 11, 2026
အိန္ဒိယအာဏာပိုင်များက မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ခံရပြီး နောက်ပိုင်းတွင်...
April 10, 2026
ကော့စ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကြက်ငှက်တုပ်ကွေး (ရေကျောက်) ရောဂါ (Chickenpox)...