တီးတိန်နှင့် ဖလမ်းမြို့နယ်တို့၌ ချင်းပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကော်မရှင်တပ်အထိနာ

တီးတိန်နှင့် ဖလမ်းမြို့နယ်တို့၌ ချင်းပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကော်မရှင်တပ်အထိနာ

ပါခွီး — ချင်းပြည်နယ်၊ တီးတိန်နှင့် ဖလမ်းမြို့နယ်များရှိ အထိုင်စခန်းနှင့် စစ်ကြောင်းများကို ချင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေသဖြင့် စစ်ကော်မရှင်တပ်ဘက်မှ အထိနာနေကြောင်း စစ်ရေးတာဝန်ရှိသူများထံက သိရသည်။

တီးတိန်မြို့နယ် ၊ တီးတိန် - ကလေး ကားလမ်းပေါ်ရှိ စစ်ကော်ရှင်တပ်စွဲထားသည့် ကနေဒီတောင်စခန်းနှင့် ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်တပ်ကို ခွန်းမ်လီရွာအနီးတွင် ချင်းညီနောင်(CB)နှင့် ချင်းပြည်ကောင်စီ(CC)အဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

“ကနေဒီတောင်စခန်းကို သိမ်းနိုင်ခဲ့တယ်၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများရရှိထားပါတယ်၊ အသေးစိတ်ကို ထုတ်ပြန်ပေးပါ့မယ်”ဟု PDF – Zoland တာဝန်ရှိသူက ဇန်နဝါရီ ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

တီးတိန် - ကလေးလမ်းပေါ်ရှိ ပေ ၈,၀၀၀ ကျော်အမြင့်ရှိပြီး စစ်ရေးနှင့် ကူးသန်းသွားလာရေးအတွက် အရေးပါသော စစ်ကော်မရှင်တပ်အခြေစိုက်ထားသည့် ကနေဒီတောင်ကို ၂၀၂၅ခု ဒီဇင်ဘာ ၂၆ ရက်နေ့ မှ စတင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်အကြာ ၂၀၂၆ ခု ဇန်နဝါရီ ၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲကို ချင်းညီနောင်(CB) အဖွဲ့ဝင် PDF – Zoland နှင့်အတူ ချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင် CDF – CDM Siyin တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကလေး - သိုင်းငင်း လမ်းနှင့် ကလေး -ဝေဘူလတို့ဘက်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ၂၀၂၅ခုနှစ် အောက်တိုဘာလမှစ၍ ဖလမ်းမြို့ကို ဦးတည်လာရာ ချင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။

စစ်ကော်မရှင် စစ်ကြောင်းတကြောင်းမှာ ဖလမ်းမြို့နှင့် ၁၀မိုင်ကျော်အကွာရှိ ခွန်းမ်လီရွာအနီးသို့ လွန်ခဲ့သည့် တလခန့်မှစတင် ရောက်ရှိနေပြီး ရှေ့တိုးရန်ကြိုးစားသော်လည်း ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက် မှုကြောင့် အထိနာလျက်ရှိနေကြောင်း သိရသည်။

“ခွန်းမ်လီဘက်က စစ်ကြောင်း ရှေ့တိုးလိုက် ထိခိုက်ကျဆုံးများပြီး ပြန်ဆုတ်လိုက် အဲဒီလိုပုံစံမျိုးဖြစ် နေတာပါ” ဟု ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ခွန်းမ်လီကျေးရွာအနီး၌ ဇန်နဝါရီလ ၃ရက်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ငါးဦးသေဆုံးခဲ့ပြီး သုံ့ပန်း နှစ်ဦး ၊ သေနတ် ကိုးလက်နှင့် ခဲယမ်းများကိုလည်းကောင်း ဇန်ဝါရီလ ၅ရက်နေ့တိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ရှစ်ဦးထက်မနည်းသေဆုံးပြီး သုံ့ပန်းနှစ်ဦးနှင့် လက်နက်ကြီးငယ် ၁၀ လက်ကို ချင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများတွင် CB အဖွဲ့ဝင် CNDFနှင့် ချင်းအမျိုးသားတပ်မတော်(CNA) အပါအဝင် ချင်းပြည်ကောင်စီ(CC)အဖွဲ့ဝင် ချင်းကာကွယ်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်နေကြောင်း အဖွဲ့အစည်းတာဝန်ရှိသူများက အတည်ပြုပြောကြားသည်။  

စစ်ကော်မရှင်က ပြုလုပ်သည့် ၂၀၂၅ခု ဒီဇင်ဘာလ၂၈ရက်နေ့ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ချင်းပြည်နယ်၌ ဟားခါးနှင့် တီးတိန်မြို့နယ်၌သာ ပြုလုပ်နိုင်ပြီး ဆက်လက်ပြုလုပ်မည့် ၂၀၂၆ခု ဇန်နဝါရီ ၁၁ရက်တွင် အပိုင်း(၂)နှင့် ဇန်နဝါရီ ၂၅ရက် အပိုင်း(၃)တို့တွင် ကျန်မြို့နယ် ခုနစ်မြို့နယ်ကို ချင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသဖြင့် ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိသည့် မြို့နယ်များအဖြစ် ကြေညာထားသည်။

Most read this week

February 18, 2026
မောင်ခက်နွေ — စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)...
February 17, 2026
ဂျူချန်း — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ...
ဓါတ်ပုံ- စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် တီမောသံရုံးယာယီတာဝန်ခံတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ တီမောသံရုံးယာယီတာဝန်ခံအား လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် အကြောင်းကြားခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။ (MOI)
February 16, 2026
ရန်ကုန်မြို့ရှိ တီမောနိုင်ငံ၏ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား လာမည့်...
February 13, 2026
စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင်...