သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး တစ်နှစ်ကျော်သည်အထိ နေရပ်မပြန်နိုင်ကြသေးပေ။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ကျောက်တောရွာနှင့် ညောင်ပင်သာကျေးရွာဘက်သို့ လေကြောင်းဖြင့် ဗုံးကြဲကာ မြေပြင်မှာလည်း စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ဘေးရှောင် ၆၀၀ ဦး ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်များသည် အချိန်ကြာလာသည်နှင့်အမျှ အလှူရှင်နည်းပါးလာပြီး စားနပ်ရိက္ခာလုံလောက်မှုမရှိသောကြောင့် အခက်ကြုံနေရပြီး စစ်ကော်မရှင် စစ်ကြောင်းနှင့်တွေ့မည်စိုး၍ အလုပ်ရန် အခက်ခဲရှိနေကြောင်း စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်ရှောင်တွေကတော့ ပြန့်ကျဲနေကြတယ်၊ အလုပ်လုပ်ဖို့ကလည်း မလွယ်ဘူးလေ စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းခံရတာ အသတ်ခံရတာတို့ ဖြစ်မှာစိုးလို့ သူတို့ခြံက သီးနှံတောင် ပြန်မခူးရဲကြဘူး။ စားဖို့မရှိတော့ ဆန်ပြုတ်သောက်ရတဲ့ နေ့တွေများလာတယ်။ အဟာရ ပြတ်လပ်တာတို့ ကြုံလာရတယ်။ကျမတို့အဖွဲ့ကလည်း တတ်နိုင်သလောက်တော့ ကူညီမှုလုပ်ပါတယ်။”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
စစ်ရှောင်အများစုမှာ သက်ကြီးရွယ်အိုနှင့် ကလေးများဖြစ်ကြပြီး အလုပ်လုပ်နိုင်သည့် အရွယ် အမျိုးသားနှင့် အမျိုးသမီးများက နေရပ်ပြောင်း၍ ကြုံရာအလုပ်လုပ်ကာ မိသားစုများကို ထောက်ပံ့နေကြရသည်ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင် ဆောင်းရာသီဖြစ်သောကြောင့် ရွာငံမြို့နယ်တွင် အအေးပိုလာသဖြင့် အဝတ်ထည်၊စောင်နှင့် နေရာထိုင်ခင်းများ အခက်ခဲရှိပြီး အချို့သော သက်ကြီးပိုင်းစစ်ရှောင်များသည် အအေးဒဏ်ကြောင့် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
“ရွာငံဘက်က အရမ်းအေးတာ ၊သူတို့ စစ်ရှောင်တာက တောထဲဆိုတော့ ပိုတောင်အေးသေးတယ်၊ နေရာထိုင်ခင်းတွေက အဆင်မပြေဘူး၊ သူတို့ပြေးလာတုန်းက အဝတ်တထည် ကိုယ်တစ်ခုပဲ၊ အနွေးထည်တွေ စောင်တွေလိုတယ်၊ စစ်ရှောင် သက်ကြီးပိုင်းဆို အရမ်းအေးတော့ ဆုံးသွားတာမျိုး ရှိတယ်။”ဟု စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ထပ်လောင်းပြောသည်။
ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က တောနှင့် နီးသည့် ကျေးရွာများတွင် လာရောက်တပ်စွဲထားပြီး တော်လှန်ရေးတပ်များကို လိုက်လံရှာဖွေနေသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်တွင် စစ်ကော်မရှင်တပ်က ရွာငံမြို့နယ် မြောက်ဘက် တောတောင်ဘက်သို့ စစ်ကြောင်းထိုးရာတွင် လှိုဏ်ဂူထဲတွင် ပုန်းအောင်းနေသော ကျောက်တောကျေးရွာမှ စစ်ရှောင်မိသားစု နှစ်စုကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ အဆက်အသွယ် ပြန်မရတော့ကြောင်း သိရသည်။







