ရခိုင်ပြည်၊ မြောက်ဦးဆေးရုံဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများအားကူညီပေးနိုင်ရန် ပြည်တွင်း၊ ပြည်ပရှိအလှူရှင်များထံမှ ပရဟိတသမားကိုဝေဟင်အောင်က ရှစ်ရက်တာ အလှူငွေ ကောက်ခံလျက်ရှိရာ ငါးရက်အတွင်း ကျပ်သိန်းသုံးထောင်ကျော်ကို လက်ခံရရှိထားပြီဟု သိရသည်။
အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများအားကူညီပေးနိုင်ရန် ကိုဝေဟင်အောင်က ဒီဇင်ဘာလ ၁၁ ရက်မှစတင်ကာ ဒီဇင်ဘာလ ၁၈ ရက်အထိ ရှစ်ရက်တာအလှူငွေကောက်ခံနေခြင်းဖြစ်သည်။
ပြည်တွင်း၊ ပြည်ပရှိအလှူရှင်များကလည်း ကိုဝေဟင်အောင်ထံ အလှူငွေများ ဆက်တိုက်လှူဒါန်းလျက်ရှိရာ ဒီဇင်ဘာလ ၁၁ ရက်နေ့မှစတင်၍ ၁၅ ရက်နေ့အထိ ငါးရက်အတွင်း ကျပ်သိန်းသုံးထောင်ကျော်ကို လက်ခံရရှိထားပြီဟု ကိုဝေဟင်အောင်က နိရဉ္စရာကို ပြောသည်။
ဆေးရုံဗုံးကြဲခံရမှုအတွင်း ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသွားသူများအတွက် အဆိုပါအလှူငွေများကို အဓိက ကူညီသွားမည့်အပြင် ပျက်စီးသွားသော စက်ပစ္စည်းစာရင်းနှင့် ဈေးနှုန်းများသိရလျှင် အဆိုပါအလှူငွေများကို လွှဲအပ်လှူဒါန်းသွားရန် ခန့်မှန်းထားကြောင်းလည်း ပြောသည်။
"သေဆုံး၊ ဒဏ်ရာရသွားတဲ့သူတွေအတွက် လက်ခံရရှိထားတဲ့ အလှူငွေတွေထဲက ကျပ်သိန်း ၂၅၀၀ လောက်ကိုကူညီပြီး အဲဒီမှာပြန်သုံးသွားမယ်။ ပျက်စီးသွားတဲ့ စက်ပစ္စည်းတွေ၊ ဆေးဝါးတွေတချို့ကို ပြန်ဝယ်ထည့်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုကျန်းမာရေးဌာနနဲ့ ဆွေးနွေးနေတယ်။ ကျန်တဲ့အလှူငွေကိုတော့ စစ်ဘေးရှောင်တွေကို ကူညီသွားမယ်"ဟု နိရဉ္စရာကို ပြောသည်။
လက်ရှိတွင် လူနာတစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်းစီဖြင့် လူနာ (၈၀)ဦးအတွက် ကျပ်သိန်း ၁၆၀ ကိုလည်း ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ကူညီထောက်ပံ့ပေးထားကြောင်းလည်း သူက ဆိုသည်။
သေဆုံးသူငါးဦးအတွက် ကျပ်သိန်း (၅၀)ကိုလည်း ကူညီထောက်ပံ့ပေးထားသည်ဟု ပြောသည်။
အကူအညီမဲ့နေသောလူနာများအတွက် ကျပ်သိန်း (၂၀)သီးသန့်ကူညီပေးထားပြီး လူနာစောင့်များကို ULA နှင့် တိုင်ပင်ပြီး စီစဉ်ပေးထားကြောင်းလည်း သိရသည်။
ရခိုင်ရှိ စစ်ဘေးရှောင်ခြောက်သိန်းကျော်အတွက် ဝိုင်းကူကြရဦးမည်ဖြစ်သည့်အတွက် မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရသူများအတွက် အလှူငွေကောက်ခံမှုကိုလည်း ဒီဇင်ဘာလ ၁၈ ရက်နေ့အထိသာ လက်ခံပေးသွားမည်ဟုလည်း ပြောသည်။
“မနက်ဖြန်၊ သန်ဘက်ခါလောက်ဆိုရင် စာရင်းပိတ်ဖို့ မှန်းထားတယ်။ စစ်ဘေးရှောင် ၆ သိန်းကျော်လောက်အတွက် ဝိုင်းကူကြရဦးမှာဖြစ်လို့ပါ”ဟု ပြောသည်။
မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက်စစ်တပ်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁ဝ ရက်၊ ညတွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ ဗုံးနှစ်လုံးကို ကြဲချခဲ့သည့်အတွက် လူနာ၊ လူနာစောင့်၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် စုစုပေါင်း ၃၄ ဦးသေဆုံးပြီး ၈ဝ နီးပါးအထိ ဒဏ်ရာရရှိခဲ့သည်။
ဆေးရုံအဆောက်အအုံများနှင့် ဆေးဝါးများအပါအဝင် ဆေးရုံသုံးပစ္စည်းကိရိယာများလည်း ထိခိုက်ပျက်စီးသွားခဲ့ရသည်။







