+++ ဖုံးကွယ်ထားရသည့် မျက်ရည်များ +++
ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက စစ်ဘေးရှောင်ဘဝ အခက်အခဲများကို ပြောပြသည်။
“ကိုယ်ပြေးလာရတဲ့ လမ်းခရီးက ကိုယ်အသတ်ခံရမှာလား၊ သူတို့နဲ့ တွေ့မလား၊ အဲ့ဒီအချိန်ဆို အဒေါ်လေ ငိုမတတ်လောက်အောင် ခံစားရတယ်။ ငိုနေတာတောင်မှ မျက်ရည်မကျတဲ့အဆင့် အထိပေါ့နော်” ဟု လွန်ခဲ့သည့် နှစ်များ၏ ဖိစီးမှုကို ပြန်ပြောင်းပြောပြသည်။
ဒေါ်ကားခူဖော၏ ခင်ပွန်းသည်ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့သည်။ ခင်ပွန်းသည် အသတ်ခံရသည့် အချိန်မှာ သူ့ဘဝအတွက် အဆိုးရွားဆုံး စိတ်ဒဏ်ရာကို ခံစားခဲ့ရသည်ဟု ဒေါ်ကားခူဖောက ပြောပြသည်။
မည်သို့ပင် စိတ်ထိခိုက်သည် ဖြစ်စေ ဒေါ်ကားခူဖောတယောက် မိသားစုဝင်များ စိတ်ဓါတ်ကျမည်ကို စိုးရိမ်သည်။
လက်ရှိပင်ပန်းဆင်းရဲမှုများကို မိသားစုဝင်များ မမြင်စေရန် ညဘက် အိပ်ယာထဲတွင်သာ အံကြိတ်နေခဲ့ရသည်ဟု ပြောပြသည်။
ကရင်နီ စစ်ရှောင်အမျိုးသမီး ဒေါ်ကားခူဖော သည် ၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်နေ့ကတည်းက စစ်ဘေး စတင် ရှောင်ခဲ့ရသူ ဖြစ်သည်။
ကျန်းမာရေးမကောင်း၊ အလုပ်မရှိသည့်ကြားမှ မိသားစု စားဝတ်နေရေးနှင့် သားသမီးများ ငတ်ပြတ်မည်ကို စိုးရိမ်စိတ်ကြောင့် တစ်ခါတစ်ရံ ‘ရူးချင်သည့်စိတ် အထိ’ ဖြစ်လာရသည်ဟုလည်း ၎င်းက ဖွင့်ဟသည်။
+++ လူသားချင်းစာနာမှု ပျောက်ဆုံး၊ အငတ်ဘေးခြိမ်းခြောက်မှု +++
စစ်အာဏာသိမ်းပြီးနောက် ငါးနှစ်နီးပါးကာလအတွင်း ကရင်နီ (ကယား) ပြည်မှ စစ်ဘေးရှောင်ပြည်သူများသည် စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုဒဏ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် နိုင်ငံတကာ အထောက်အပံ့ ပြတ်တောက်မှုကြောင့် ‘အငတ်ဘေး’ အန္တရာယ်နှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားမှုများကို ရင်ဆိုင်နေရသည်။
စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ လူသားချင်းစာနာမှု အကူအညီများ ပြတ်တောက်လာခြင်းက စစ်ရှောင်များကို အကြီးအကျယ် ဒုက္ခရောက်စေသည်။
ကရင်နီ စစ်ရှောင်အမျိုးသမီးများ၏ ပြောပြချက်အရ အလှူရှင်များ မလာသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ပြီး ဒေါ်ကားခူဖောတို့ကဲ့သို့ အခြေခံစားသောက်ကုန် နှစ်နှစ်ကျော် မရရှိသူများလည်း ရှိလာသည်။
လွိုင်ကော်မှ ဒီးမော့ဆိုသို့ စစ်ရှောင်လာသူ အမျိုးသမီး တစ်ဦးက “တစ်ချို့တောင်မှ ထမင်းနပ်မမှန်တော့ဘူး။ တစ်ရက်တစ်ရက် ရှာစားနေရတယ်။ တစ်အား ဒုက္ခရောက်တယ်လေး။ အလှူရှင်လည်း မလာတော့ ပိုဆိုးသွား တာ” ဟု လက်ရှိအခြေအနေကို ထုတ်ဖော်ပြောသည်။
Karenni Human Rights Group (KnHRG) ၏ မှတ်တမ်းများအရ စစ်ကော်မရှင်သည် စိုက်ပျိုးသီးနှံများ ရိတ် သိမ်းနေသော တောင်သူများကို ဒရုန်းဗုံးနှင့် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေပြီး၊ အရပ်သား ၏ ဝင်ငွေရလမ်းကြောင်းနှင့် စားနပ်ရိက္ခာ လမ်းကြောင်းကို ပိတ်ဆို့နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ဩဂုတ်လမှ အောက်တိုဘာလအတွင်း ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် စပါးရိတ်သိမ်းနေသည့် တောင်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က “တိုက်ပွဲမရှိဘူး။ ခြောက်လှန့်ပြီးတော့ ပစ်တယ် လေ။ လူထုတွေ အလုပ်မလုပ်နိုင်အောင် ငတ်အောင်လေ” ဟု စစ်ကော်မရှင်၏ ရည်ရွယ်ချက်ကို ထောက်ပြသည်။
KnHRG က ယင်းလုပ်ရပ်များသည် လူသားချင်းစာနာမှုဆိုင်ရာ ကြီးမားသော စိန်ခေါ်မှုဖြစ်ပြီး ရေရှည်တွင် အငတ်ဘေး ကြုံတွေ့လာနိုင်သည် ဟု သတိပေးထားသည်။
+++ စစ်ရေးတင်းမာမှုနှင့် အရပ်သားလုံခြုံရေး +++
ကရင်နီ (ကယား) ပြည်နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့အကြား စစ်ရေး တင်းမာမှုများ ဆက်တိုက်မြင့်တက်နေသဖြင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာနေသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ဖရူဆို – ဘောလခဲလမ်းပိုင်း တစ်နေရာတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ ပြည်သူများ စစ်ရေးနယ်မြေထဲ မရောက်ရှိစေရန်နှင့် စစ်ကောင်မရှင်တပ်၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီး တစ်လျှောက်နှင့် လမ်းသွယ်များအားလုံးကို KNDF က ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားရသည်။
စစ်ကော်မရှင် တပ်ဖွဲ့၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပစ်မှတ်များ ထိမှန်ပျက်စီးမှုများလည်း ရှိခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖရူဆိုမြို့ အနောက်ဘက်ရှိ ကျေးရွာတစ်ရွာထဲသို့ လက်နက်ကြီးကျည် ၄ လုံးအထိ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူအထိအခိုက်မရှိခဲ့ပေ။
နိုဝင်ဘာ ၁၂ ရက်နေ့တွင်လည်း နန်းမယ်ခုံမြို့နယ် အတွင်း စစ်ကော်မရှင်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘုန်းကြီးကျောင်းမုခ်ဦး ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးမှာ လက်နက်ကြီးအစ ရှပ်ထိဒဏ်ရာရခဲ့သည်။
လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသည့် အိမ်ထောင်စု တစ်ထောင်ဝန်းကျင် သည် စစ်ကော်မရှင်တပ်၏ မြေပြင်စစ်ကြောင်းထိုးလာမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘေးကင်းရာ သို့ ထပ်ဆင့် ရွှေ့ပြောင်းတိမ်းရှောင်နေကြရသည်။
အဆိုပါ တိုက်ပွဲများကြောင့် ယခုကဲ့သို့ စပါးနှင့် မြေပဲ ရိတ်သိမ်းရမည့် ရာသီချိန်တွင် ဒေသခံတောင်သူများမှာ ၎င်းတို့၏ စိုက်ခင်းထဲသို့ မဝင်ရဲကြတော့ဘဲ အသက်မွေးဝမ်းကျောင်းအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း စစ်ရှောင်များနှင့် ဒေသခံများက ပြောသည်။
လက်ရှိ ကရင်နီပြည်၏ စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်များ၏ လုံခြုံရေးနှင့် စိတ်ကျန်းမာ ရေးသည် ပြင်းထန်စွာ ထိခိုက်နေသည်။
+++ စိတ်ဖိစီးမှု မြင့်တက်ခြင်းနှင့် အိမ်တွင်း ပဋိပက္ခ +++
စစ်ဘေးရှောင်ကာလ ကြာမြင့်လာခြင်း၊ စားဝတ်နေရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ပြင်းထန်လာခြင်းတို့ ကြောင့် ကရင်နီ စစ်ဘေးရှောင်ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေသည် ပြိုလဲမှုအန္တရာယ် နှင့် ရင်ဆိုင်နေရကြောင်း စစ်ရှောင်အမျိုးသမီးများနှင့် ဒေသခံလူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
လွိုင်ကော်မှ စစ်ရှောင်အမျိုးသမီး၏ ဖွင့်ဟပြောဆိုချက်များအရ ဝင်ငွေမရှိခြင်း၊ အလှူရှင်မလာခြင်းနှင့် စစ်ရေး အန္တရာယ်များ ပေါင်းစပ်ပြီး နေ့စဉ် စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရသည်။
ဝင်ငွေမရှိခြင်းနှင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် မိသားစုအတွင်း စကားများခြင်း၊ ရန်ဖြစ်ခြင်းများ ဖြစ်ပေါ်လာပြီး အိမ်ထောင်ရေးပါ ထိခိုက်လာသည်။ မိဘများသည် ကလေးများ၏ တောင်းဆိုမှုကို မဖြည့်ဆည်း နိုင်သောအခါ စိတ်တိုကာ အော်မိခြင်းများပင် ဖြစ်ပေါ်လာသည်။
လွိုင်ကော်မှ စစ်ရှောင်အမျိုးသမီး က “ကလေးကို စိတ်တိုပြီးတော့ အော်မိတယ်။ မိသားစုတွေနဲ့ အိမ်ထောင် ရေးလည်း စကားများရန်ဖြစ် စားဝတ်နေရေး အဆင်မပြေတဲ့ အခါကြတော့လေ။ စိတ်ဓာတ်က တစ်ဝက် ကျ သွားပြီပေါ့နော်” ဟု ရင်ဖွင့်သည်။
ထို့အပြင် စစ်ကောင်မရှင်တပ်၏ ညပိုင်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ရှောင်များ သည် အိပ်မရသော ညများစွာ ကြုံတွေ့ရပြီး ယင်းက စိတ်ဖိစီးမှုကို ပိုမိုမြင့်တက်စေသည်။
စစ်ရှောင်တစ်ဦးက “စိတ်ဆို ရူးချင်တဲ့စိတ် အထိတောင် ဖြစ်လာတယ်” ဟု ၎င်း၏ ပြင်းထန်သော ဖိစီးမှုကို ဖွင့်ဟသည်။
စိတ်ဖိစီးမှုများ ပြင်းထန်လာခြင်းကြောင့် စစ်ရှောင်များထဲတွင် နှလုံးဖောက်ခြင်း၊ သွေးတိုးတက်ခြင်း ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများပါ ဖြစ်ပေါ်လာနေကြောင်း သိရသည်။
အာဟာရချို့တဲ့မှုနှင့် ကလေးများ၏ ပညာရေး အနာဂတ် ဝင်ငွေမရှိခြင်းနှင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်းတို့က ကလေးများ၏ အာဟာရနှင့် ပညာရေးကို တိုက်ရိုက် ထိခိုက်နေစေသည်။
ငတ်မွတ်မှုနှင့် စိတ်ဖိစီးမှုတို့အပြင် အာဟာရချို့တဲ့မှုဒဏ်ကိုလည်း စစ်ရှောင်ကလေးငယ်များ ရင်ဆိုင်နေရသည်။ ဝင်ငွေမရှိခြင်းကြောင့် မိဘများက ကလေးများကို အာဟာရပြည့်ဝသော အသားငါး၊ ကြက်ဥများ ဝယ်မကျွေးနိုင် ဘဲ ရှိနေသည့် အရာကိုသာ ချော့မော့ကျွေးနေရသည်ဟု ဆိုသည်။
ဒေါ်ကားခူဖောက “ရေလုံပြုတ်လေးနဲ့ ဟင်းရည်လေးနဲ့ စားရရင်တောင်မှ ကံကောင်းပေါ့” ဟုသာ ချော့မော့ပေး နိုင်ကြောင်း ဖွင့်ဟသည်။
ဒေါ်ကားခူဖော၏ သမီးအကြီးမှာ မိသားစု၏ စားဝတ်နေရေး ဖိစီးမှုကြောင့် မောင်လေးများကို ဦးစားပေးရန် ကျောင်းဆက်မတက်တော့ပေ။
သမီးကြီး ကျောင်းထွက်လိုက်သော်လည်း ကျန်ကလေးငယ်များ၏ ကျောင်းလခပင် မတတ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုသည်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ကမူ စစ်ဘေးရှောင် လူဦးရေ နှစ်သိန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေပြီး၊ ရေရှည်အတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ညှိနှိုင်းဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
ထိုစစ်ရှောင်များသည် ပိုမို ခိုင်မာသော စိတ်ဓာတ်ဖြင့် ရပ်တည်နိုင်ရန်အတွက် ရေရှည် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူခွင့် နှင့် အလှူရှင်များ၏ အမြဲမပြတ် ထောက်ပံ့ကူညီမှု လိုအပ်နေကြောင်း တောင်းဆို တိုက်တွန်းထားသည်။
+++ မယိမ်းယိုင်သည့် ဆုံးဖြတ်ချက် +++
စစ်ကော်မရှင်တပ်က ကုန်ဈေးနှုန်းသက်သာမှုကို အကြောင်းပြ၍ သော်လည်းကောင်း၊ ငွေကြေးထောက်ပံ့မှုများ (သို့မဟုတ်) ရွေးကောက်ပွဲဖြင့် သော်လည်းကောင်း နေရပ်ပြန်ရန် မျှားခေါ်မှုများ ရှိနေသော်လည်း စစ်ရှောင် အမျိုးသမီးများ၏ ဆုံးဖြတ်ချက်မှာ ခိုင်မာသည်။
ဒေါ်ကားခူဖော ၏ ပြတ်သားသော စကားမှာ “ငါတို့ ဘယ်လောက်ပဲ အခက်အခဲ ကြုံတွေ့နေပါစေ၊ ငတ်ပြတ်နေ ပါစေ လုံးဝ မပြန်ဘူး။ ဒီနိုင်ငံရေး မပြီးမချင်း အဒေါ်တို့က လုံးဝမပြန်ဘူးလို့ ဆုံးဖြတ်ထားတယ်” ဟု ပြောသည်။
အခက်အခဲမည်သို့ကြုံရသည်ဖြစ်စေ အောင်ပွဲရမည်ဆိုသော စိတ်မှာ လျော့ပါးသွားခြင်းတော့ မရှိကြပေ။
ကရင်နီ စစ်ရှောင်အမျိုးသမီးများ၏ ဖွင့်ဟပြောဆိုချက်များ အရ ၎င်းတို့ဘဝသည် အလွန်ပင်ပန်း ဆင်းရဲသော် လည်း ‘အရေးတော်ပုံ မအောင်မချင်း လုံးဝနေရပ်မပြန်’ ဟူသော မယိမ်းယိုင်သည့် ဆုံးဖြတ်ချက်ဖြင့် ရပ်တည် နေကြသည်ဟု ဆိုသည်။
လွိုင်ကော် စစ်ရှောင်အမျိုးသမီး ကလည်း “ပြန်မသွားချင်ဘူး။ ပြန်သွားရင်တော့ စစ်ခွေးလူပဲ ဖြစ်မှာပေါ့။ ကိုယ်က ကိုယ့်ပြည်သူဘက်ပဲ ကိုယ်ရပ်တည်မယ်။ အရေးတော်ပုံ မအောင်မချင်းသမျှတော့ မပြန်ကိုး မပြန် တာ” ဟု ထပ်လောင်းပြောသည်။
အားမီ ရေးသည်။







