သီပေါတံတား သုံးပတ်ကြာပိတ်ထားခြင်းကြောင့် အရေးပေါ်လူနာများ အခက်ကြုံနေ

သီပေါတံတား သုံးပတ်ကြာပိတ်ထားခြင်းကြောင့် အရေးပေါ်လူနာများ အခက်ကြုံနေ
Photo credit - CJ
Photo credit - CJ

သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA သုံးပတ်ကြာ အပြန်အလှန် ပိတ်ဆို့ထားမှုကြောင့် အရေးပေါ်လူနာများအတွက် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်(MNDAA)တို့ စစ်ရေးတင်းမာမှုကြောင့် နိုဝင်ဘာလ ၁၄ ရက်မှ စတင်ပိတ်ထားခဲ့ရာ ယမန်နေ့ (ဒီဇင်ဘာ ၃)ရက်အထိ တံတားဖြတ်သန်းခွင့်ကို အပြန်အလှန် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုထိ တံတားက ပိတ်ထားတယ်။ ကုန်ပစ္စည်းတွေ ပို့ဆောင်လို့မရသလို၊ အရေးပေါ်လူနာတွေ လည်း လားရှိုးဆေးရုံပို့ဖို့ ခက်ခဲတယ်။ ကားနဲ့ ပေးမဖြတ်တော့ လူနာတွေက လမ်းလျှောက်ဖြတ်ရတယ်”ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သီပေါတံတားကြီးသည် သီပေါ-လားရှိုး ဆက်သွယ်ထားသော အရေးပါသည့် တံတားတစ်စင်း ဖြစ်ပြီး၊ အရေးပေါ်လူနာများကို လားရှိုးဆေးရုံသို့ ပို့ဆောင်ရသည့်အခါ လမ်းလျှောက်ဖြတ်ရသဖြင့် အဆင်မပြေကြောင်းလည်း သိရသည်။

“အခုက (MNDAA) တစ်ဘက်ဖွင့်ရင် နောက်တစ်ဘက်(စစ်တပ်)က ပိတ်တယ်။ အဲ့လို ဖြစ်တော့ တခါတလေ တံတားပေါ်မှာ ရပ်စောင့်နေရတဲ့ အဆင့်ပဲ။ ကျနော်တို့လည်း သူတို့စိတ်ကို နားမလည်ဘူး” ဟု ၎င်းဒေသခံ အမျိုးသားက ဆိုသည်။

သီပေါတံတားကြီးကို ပိတ်ထားခြင်းကြောင့် လားရှိုးမြို့နှင့် မူဆယ်မြို့ဘက်သို့ သွားရောက်လိုသူများသည် ကျောက်မဲမြို့မှတစ်ဆင့် သီပေါမြို့ကို ရှောင်ကွင်း၍ တာလုံ-နားမခေါ် လမ်းပိုင်းပေါ်မှ နမ္မတူမြစ်ကို ဇက်ရေယာဉ်ဖြင့် ဖြတ်ကူးကာ နမ့်လန်၊ မိုင်းရယ်မြို့ဘက်မှ တဆင့်သွားရပြီး လမ်းခရီး ကြန့်ကြာ၍ ငွေကြေးကုန်ကျမှုလည်း များလာကြောင်း ခရီးသွားများထံမှ သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ကြာ ထိန်းချုပ်ထားခဲ့ရာမှ ယခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

သီပေါမြို့ကို TNLA တပ်ဖွဲ့ထံမှ စစ်ကော်မရှင်တပ် ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ် လမ်းပိုင်းများမှ MNDAA တပ်ဆုတ်ခွာရန် နိုဝင်ဘာလ ၁၁ ရက်တွင် လားရှိုးမြို့၌ တွေ့ဆုံစဉ် တောင်းဆိုခဲ့ရာ ဆွေးနွေးမှု အဆင်မပြေဘဲ နှစ်ဘက် စစ်ရေးတင်းမာကာ အပြန်အလှန် လမ်းပိတ်ထားခဲ့ခြင်း ဖြစ်သည်။

February 5, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန်...
February 4, 2026
စိုင်းဟန်လင်း — စစ်ကော်မရှင်သည် တော်လှန်ရေးအင်အားစုများ အားကောင်းရာဒေသနှင့်...
February 3, 2026
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင်...
February 2, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား...