မင်းတုန်းမြို့တွင် စစ်ရှောင်ရခိုင်လူငယ်သုံးဦး အကြမ်းဖက်စစ်တပ်ထံဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ပို့ဆောင်ခံရ

မင်းတုန်းမြို့တွင် စစ်ရှောင်ရခိုင်လူငယ်သုံးဦး အကြမ်းဖက်စစ်တပ်ထံဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ပို့ဆောင်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ အမ်းမြို့နယ်၊ ကျွဲကူးတောင်ရွာမှ မောင်ဝင်းမိုးဇော်၊ မောင်ဖိုးဝနှင့် တောင်ကုတ်မြို့နယ်၊ မအီမြို့မှ အသက် ၂ဝ ကျော်အရွယ် မောင်လပုချေတို့ ဖြစ်သည်။

သူတို့သုံးဦးကို ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့၊ ညနေ ၅ နာရီခန့်က ရပ်ကွက်(၁)အတွင်း ဆေးသွားဝယ်စဉ် စုံစမ်းစစ်စမ်းရေးစစ်ထောက်လှန်းရေးအဖွဲ့(စစစ)က လမ်းမှ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ‌မင်းတုန်းဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

“သူတို့က စစ်ရှောင်နေကြတာ။ လမ်းကိုထွက်ပြီး ဆေးသွားဝယ်တုန်း ရခိုင်တွေဆိုပြီးဖမ်းသွားတာ။ ရခိုင်စကား‌ ပြောနေလို့သိတာ။ စသုံးလုံးက ဖမ်းသွားတာ။ တခါတည်း စစ်သားလက်ထဲကိုအပ်ပြီး စစ်ကြောရေးကို ခေါ်သွားတယ်” ဟု ပြောသည်။

ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသဖြင့် မိသားစုဝင်များက အလွန်အမင်းစိုးရိမ်နေကြရသည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ဒီကလေးတွေက ဘာမှမသိတဲ့သူတွေပါ။ ကြားတာက မင်းတုန်းမြို့ထဲက တပ်ရင်းတွေထဲမှာ ဖမ်းထားတယ်ကြားတယ်။ အဆက်သွယ်မရသေးလို့ မိသားစုတွေ အရမ်းစိတ်ပူနေကြတယ်” ဟု ပြောသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ယခု ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ နှစ်နှစ်တာကာလအတွင်း အမ်းရိုးကိုကျော်ဖြတ်ပြီး ပြည်မသို့ထွက်ခွာသည့် ရခိုင်အပါအဝင် ချင်းဒေသခံ ဦးရေ ၅၀၀ ထက်မနည်းသည် အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံထားရသည်ဟု အာရက္ခတပ်တော်(AA)နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို အတည်ပြုပြောဆိုသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ကကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက် စစ်တပ်သည် တပ်သားအင်အားများစွာလိုအပ်နေသည့်အတွက် ရခိုင်မှတဆင့် ရိုးလမ်းကိုဖြတ်ကျော်ကြသူများအပါအဝင် ရန်ကုန်နှင့် ပြည်မဖက်ရှိ ရခိုင်မှ လူငယ်/လူလတ်အရွယ်များအား ပစ်မှတ်ထားကာ စစ်သားစုဆောင်းရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရခိုင်- မကွေး၊ ရခိုင်- ပဲခူးနှင့် ရခိုင်-ဧရာဝတီ ရိုးလမ်းတဖက်ခြမ်းတွင် စစ်ရှောင်နေသည့် ရခိုင်အပါအဝင် ချင်းလူမျိုးတချို့သည် အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းရန် လူစားထိုးရောင်းချခံရမှုများလည်းရှိနေကြောင်း သိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...