ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌ အအေးဒဏ် ပိုမို ပြင်းထန်လာခြင်းကြောင့် စစ်ရှောင်ပြည်သူများ အတွက် အရေးပေါ် အနွေးထည်၊ စောင်နှင့် ခြင်ထောင်များ လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။
စစ်ရှောင်စခန်း ၂၆ ခုက စစ်ရှောင်ပြည်သူများအတွက် စုစုပေါင်း အနွေးထည်၊ စောင်နှင့် ခြင်ထောင် အထည်ရေ ၃,၀၀၀ ခန့်စီ အရေးပေါ် လိုအပ်နေသည်ဟု မြေပြင်ရှိ စစ်ရှောင်အကူအညီပေးရေး အဖွဲ့များက ပြောသည်။
အဆိုပါဒေသ၌ ယခင်နှစ်များက ဒီဇင်ဘာလလယ်မှသာ အအေးပိုလေ့ရှိသော်လည်း ယခုနှစ်တွင် နိုဝင်ဘာလ အစကတည်းကပင် အအေးပိုနေပြီဖြစ်သည်ဟု အကူအညီပေးရေး တာဝန်ခံများက ပြောသည်။
နွေဦးရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ခံ ကိုဇူလိုင်က ယခုနှစ်ဆောင်းရာသီ အအေးပိုမိုမှုကြောင့် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း သက်ကြီးပိုင်းအရွယ် သေဆုံးသူ ၆ ဦး အထိရှိကြောင်း ပြောသည်။
“ဒီနှစ်က နှစ်တိုင်းထက် ပိုအေးနေတယ်။ အအေးပိုမူကြောင့် သက်ကြီးပိုင်းတွေ သေဆုံးမှုများလာတယ်။ ဒါ ကြားရတာပဲ ရှိသေးတယ်။ တစ်ချို့သော ကျနော်တို့နဲ့ နည်းနည်းဝေးတဲ့ စခန်းတွေကြတော့ ကျနော်တို့ မကြား ရတာတွေ ရှိကောင်းရှိအုံးမယ်။ လက်ရှိ စောင်၊ အနွေးထည်၊ ခြင်ထောင် လိုအပ်မှုက အထည်ရေ ၃,၀၀၀ ဝန်းကျင် လိုအပ်နေပါတယ်။”
ဖယ်ခုံ၊ မိုးဗြဲဒေသရှိ စစ်ရှောင်စခန်းများတွင် အာဏာသိမ်းပြီးချိန်မှ စတင်၍ ရှောင်တိမ်းလာသူများနှင့် ပြီးခဲ့သည့် ဇူလိုင်၊ ဩဂုတ်လများအတွင်း တိုက်ပွဲကြောင့် အသစ်ပြောင်းရွှေ့လာသူ မိသားစု ထောင်နှင့်ချီ ရှိနေသော်လည်း လက်ရှိတွင် အိမ်ထောင်စု ၂၀၀/၃၀၀ ဝန်းကျင်သာ အကူအညီရရှိသေးကြောင်း ကိုဇူလိုင်က ဆိုသည်။
စစ်ဘေးရှောင်များသည် တောတောင်ထဲတွင် နေထိုင်ကြရသဖြင့် အအေးဒဏ်အပြင် ငှက်ဖျား၊ သွေးလွန် တုပ်ကွေး၊ ရာသီတုပ်ကွေး စသည့် ရောဂါဝေဒနာများလည်း ဖြစ်နေကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာက ပြောသည်။
မော်ဖရေးမြာက “ပြီးခဲ့တဲ့နှစ် ကျမတို့ မြေပြင်အခြေအနေအရ ငှက်ဖျားတွေ၊ တုပ်ကွေးတွေ အဖြစ်များတာ မျိုးတွေ ရှိတော့ အခုဆိုရင်လည်း ကလေးတွေ နှာစေးချောင်းဆိုးတာ ဖြစ်သလို တုပ်ကွေးနဲ့ ပတ်သက်ပြီး ဖြစ် တဲ့ဟာတွေ ရှိတယ်။ သက်ကြီးပိုင်းမှာဆို နာတာရှည်ရောဂါ ဝေဒနာသည်တွေ အတွက် စောင်တို့ အနွေးထည် တို့ မဖြစ်မနေလိုအပ်တဲ့ အခြေအနေတွေ ရှိတယ်” ဟု ပြောသည်။
KNWO က သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်သည်များ၊ ကလေးသူငယ်များအတွက် အနွေးထည်များ၊ စောင်များနှင့် ခြင်ထောင်များ အထူးလိုအပ်နေကြောင်း အလေးထားပြောဆိုသည်။
ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်ကလည်း “ဒီစစ်ဘေးရှောင်တွေအတွက် အနွေထည်တွေ စောင် တွေက အရေးကြီးလိုအပ်တယ်။ ဘာကြောင့်လိုအပ်လဲဆိုလို့ရှိရင် ခြုံစရာစောင်တို့ မလုံတာတို့ ခြင်ထောင်တို့ ဘာတို့ မလုံတာဆိုရင် ဒီအချိန်မှာ ခြင်တို့ဘာတို့ ကိုက်ပြီးတော့ အအေးမိတာတွေ ဖျားနာတာတွေ မလိုလား အပ်တဲ့ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်လာနိုင်တယ်ပေါ့နော်” ဟုပြောသည်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ ထုတ်ပြန်ချက်အရ ကရင်နီပြည်တစ်ခုလုံး၌ လူဦးရေ သုံးသိန်းဝန်း ကျင် ရှိသည့်အနက် ပြည်သူ နှစ်သိန်းကျော်မှာ စစ်ဘေးရှောင်နေရပြီး အောက်တိုဘာလအတွင်း ထပ်မံရွှေ့ ပြောင်းရသူ ဦးရေ တစ်သောင်းခန့် ရှိခဲ့သည်။
လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် အနွေးထည်၊ စောင်၊ ခြင်ထောင်အပြင် ဆေးဝါးများ၊ ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ စားနပ်ရိက္ခာများနှင့် ရေကန်များအတွက် မိုးကာများလည်း အရေးပေါ် လိုအပ်နေဆဲ ဖြစ်၍ ကူညီလှူဒါန်းပေးကြရန် မြေပြင်၌ အကူအညီပေးသည့် အဖွဲ့များက တိုက်တွန်းတောင်းဆိုထားသည်။







