မောတောင်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲနေသည့်အပြင် စစ်ကူ အင်အား ဆက်တိုက် ဖြည့်တင်းနေသည်ဟု ဒေသခံများနှင့် မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
မြန်မာ – ထိုင်း နယ်စပ်ရှိ တနင်္သာရီတိုင်းရှိ မောတောင်မြို့ကို KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ထား ပြီးနောက် လမ်းကြောင်း ပြန်လည်ရရှိရေးအတွက် စစ်ကော်မရှင်တပ်က ဝေဟင်ထိုးစစ်ဆင်နေပြီး စစ်ကူ အင်အားများကို ဖြည့်တင်းနေခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် သဲဖြူရွာသား အမျိုးသားတစ်ဦးက “မောတောင်မြို့ သိမ်းပြီးတာနဲ့ နောက်တစ်ရက်မှာ လေယာဉ်တွေက ဆက်တိုက်တက်နေတာ၊ တစ်ရက်တည်းနဲ့ လေယာဉ်အစီးရေ အများဆုံးတက်နေတာကို ပထမဆုံးပဲ မြင်ဖူးတာ” ဟု အတည်ပြု ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ တစ်ရက်တည်းမှာပင် လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲ တိုက် ခိုက်ခဲ့သည့်အပြင် စစ်ကူအင်အားကိုပါ အများဆုံး ဖြည့်တင်းခဲ့ကြောင်း ဒေသခံများနှင့် စစ်ရေး သတင်းရင်းမြစ် များက ပြောသည်။
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မောတောင်မြို့သို့ သွားရာလမ်းပိုင်းဖြစ်သည့် သိန်ခွန်းနှင့် သဲဖြူကျေး ရွာ ဝန်းကျင်၌ စစ်ကော်မရှင်တပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့များအကြား နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင် ၍ တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့သည်။
ထို့နောက် စစ်ကော်မရှင်တပ်သည် လေကြောင်းအင်အားကို အဆက်မပြတ် အသုံးပြုကာ ပြန်လည် တိုက်ခိုက်ခဲ့ သည်။
တိုက်ပွဲဖြစ်ပွားသည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြိတ်လေတပ်စခန်းမှ ပျံတက်လာသည့် Y-12 လေယာဉ် ၂ စီး နှင့် Mi-17 ရဟတ်ယာဉ် ၃ စီး ဖြင့် စတင်ဗုံးကြဲခဲ့ပြီးနောက် ညနေပိုင်းအထိ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။
စစ်ကော်မရှင်တပ်သည် သိန်ခွန်းကျေးရွာကို ကျော်လွန်ကာ သဲဖြူကျေးရွာသို့ စစ်ကူအင်အားများကို လေကြောင်းမှသာ ဖြည့်တင်းခဲ့ရသည်။
Mi-17 ရဟတ်ယာဉ် ၃ စီးဖြင့် တစ်ကြိမ်လျှင် စစ်သည် ၃၀ ခန့် နှုန်း ပို့ဆောင်ခဲ့သလို Y-12 လေယာဉ်များပေါ်မှ စစ်သည်များမှာလည်း လေထီးများဖြင့် ဆင်းသက် ဝင်ရောက်ခဲ့ကြောင်း ဒေသခံက ဆိုသည်။
PDF တပ်ဖွဲ့များက မောတောင်မြို့သို့သွားရာ မြေပြင်လမ်းကြောင်းများ (တနင်္သာရီ – ဘုတ်ပြင်း ပြည်ထောင်စု လမ်းမကြီးဘက်မှ လမ်းခွဲများ) ကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းကြောင့် စစ်ကော်မရှင်တပ်သည် မြေပြင်မှ ထိုးစစ် ဆင်ရန် ခက်ခဲကာ လေကြောင်းမှ အင်အားဖြည့်တင်းမှုကို အဓိက အားပြုလာခြင်း ဖြစ်သည်။
နိုဝင်ဘာလအတွင်း တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် သိန်ခွန်း၊ သဲဖြူကျေးရွာနှင့် အနီးဝန်းကျင်မှ ရွာသား များလည်း ဘေးလွတ်မည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
မောတောင်မြို့သည် တနင်္သာရီ – ဘုတ်ပြင်းသွား ပြည်ထောင်စု လမ်းမကြီးမှ ၄၇ မိုင်ခန့်အကွာတွင် တည်ရှိပြီး၊ စစ်ကော်မရှင်တပ်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်း ကတည်းက စစ်ကြောင်းထိုးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း KNLA နှင့် PDF ပူးပေါင်းတပ်တို့၏ ခုခံစစ်ကြောင့် ရှေ့ဆက်မတိုးနိုင်ခဲ့ဘဲ ယခုကဲ့သို့ လေကြောင်း အသုံးပြု တိုက်ခိုက်မှုများ အရှိန်မြှင့်တင်လာခြင်း ဖြစ်သည်။







