တော်လှန်ရေး သမားဟန်ဆောင်ကာ လူ ၆၀ ကျော်ကို ငွေလိမ်သူ ဖမ်းမိ

တော်လှန်ရေး သမားဟန်ဆောင်ကာ လူ ၆၀ ကျော်ကို ငွေလိမ်သူ ဖမ်းမိ

ကရင်နီ (ကယား) ပြည်တွင် တော်လှန်ရေး ရဲဘော်ဟန်ဆောင်ကာ လူအယောက် ၆၀ ကျော်ကို ငွေကြေး လိမ်လည်သူကို ဖမ်းမိထားသည်ဟု ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) က ပြောသည်။

ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေများနှင့် စစ်ဘေးရှောင်စခန်းများတွင် လူအယောက် ၆၀ ကျော်ထံမှ တော်လှန်ရေး ရန်ပုံငွေနှင့် စစ်ဘေးရှောင် ထောက်ပံ့ကြေးများကို လိမ်လည်ယူခဲ့သူဟု သံသယရှိသူတစ်ဦးကို ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ဖမ်းဆီးခံရသူမှာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ကိုဆုပြည့်အောင် ဖြစ်ပြီး ၎င်းသည် အွန်လိုင်းစလော့ဂိမ်း (လောင်းကစားဂိမ်း) ကို စွဲလမ်းကာ ဘောလုံးပွဲ၊ ၂ လုံး၊ ၃ လုံး စသည့် လောင်းကစားများကိုလည်း ပြုလုပ်နေသူ ဖြစ်ကြောင်း KSP ၏ စစ်ဆေးမှုမှတ်တမ်းများတွင် ဖော်ပြသည်။

KSP မှ ဒုရဲချုပ် ကိုဘိုဘို က ဖမ်းဆီးစစ်ဆေးမှုအခြေအနေနှင့် ပတ်သက်၍ “သူလိမ်တာက တစ်မျိုးတည်း မဟုတ်ဘူးပေါ့။ လိမ်လည်မှု အမျိုးမျိုးပါတယ်။ လိမ်တာက ပုဒ်မတစ်မျိုးတည်း မဟုတ်ဘူး။ သူပိုက်ဆံချေး ပြီးတော့မှ အလွဲသုံးစားလုပ်တာ ရှိတယ်။ ယုံကြည်အပ်နှံရေး ဖောက်ဖျက်တာတို့ ဘာတို့ အများကြီးပဲ။ အဲ့ဒါ တွေ ပေါ်ပေါက်တဲ့ အပေါ် မူတည်ပြီးတော့မှ မေးရမှာ များတယ်ပေါ့နော်။ အခုချက်ချင်းတော့ အဖြေမထုတ်နိုင် သေးဘူး။ စခန်းမှာတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်ဗျ” ဟု ပြောသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ထားသည့် လောင်းကစား ဥပဒေအရ စလော့ဂိမ်း အသုံးပြု၍ လောင်းကစားပြုလုပ်သူများအား ပြစ်မှုဆိုင်ရာ ဥပဒေအရ ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု ဆိုသည်။

သို့သော်လည်း ကိုဆုပြည့်အောင် ကျူးလွန်ခဲ့သည့် ပြစ်မှုများမှာ များပြားရှုပ်ထွေးသဖြင့် အပြစ်ဒဏ်ကို ယခု ချက်ချင်း ခန့်မှန်းရန် ခက်ခဲကြောင်း ဒုရဲချုပ် ကိုဘိုဘိုက ဆက်ပြောသည်။

“ဘယ်လောက်ကျမယ် ဆိုတာတော့ ယေဘုယျပြောလို့ မရဘူး။ လိမ်လည်မှုဆိုရင် ဘယ်လောက်ကျမယ် ဆိုတာ မျိုး မရှိဘူး။ လိမ်လည်မှုအတွက် ပုဒ်မကတော့ အများကြီးပေါ့နော်။ သူဘယ်လိုလိမ်လဲ ဆိုတဲ့အပေါ် မူတည်ပြီး တော့မှ ပုဒ်မတွေ ကွဲသွားတယ်။ လိမ်တဲ့ ဒီဂရီအပေါ် မူတည်ပြီးတော့ တရားသူကြီးက သူ့ဟာနဲ့သူ တရားရုံးမှာ သူ့အပြစ်အပေါ် မူတည်ပြီးတော့မှ ထောင်ဒဏ်ငွေဒဏ် ချမှတ်ရမှာပေါ့နော်။” 

KSP အနေဖြင့် ယခုဖြစ်စဉ်သည် ပထမဆုံးအကြိမ်မဟုတ်ဘဲ တော်လှန်ရေး ၅ နှစ်နီးပါးကာလအတွင်း ငွေကြေး လိမ်လည်သူများစွာကို ဖမ်းဆီးစစ်ဆေးခဲ့ဖူးသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့သည့် KSP သည် ၄ နှစ်ကျော်ကာလအတွင်း ရဲစခန်း ၁၇ ခုနှင့် ရဲကင်း ၂၀ နီးပါးအထိ တိုးချဲ့နိုင်ခဲ့ပြီးဖြစ်ရာ ပြည်သူများအနေဖြင့်လည်း ရဲတပ်ဖွဲ့အား ဆက်လက် ယုံကြည်မှု ပေးကြရန် ဒုရဲချုပ် ကိုဘိုဘိုက တောင်းဆိုထားသည်။

February 26, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အထက်အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိဘဲ...
February 25, 2026
ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း...
February 24, 2026
NCA လမ်းကြောင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လမ်းကြောင်းသစ်...
February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...