ဖားကန့်မှာ စစ်တပ်ထပ်ဝင်လာတဲ့တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူ ၄ ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ၁၀ ဦးခန့်အထိ ရှိလာ

ဖားကန့်မှာ စစ်တပ်ထပ်ဝင်လာတဲ့တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူ ၄ ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ၁၀ ဦးခန့်အထိ ရှိလာ
Photo credit - CJ
Photo credit - CJ

ဖားကန့်မှာ စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့ ယခုပတ်အတွင်း တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီး ဆက်တိုက် ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးတာတွေ ရှိနေပြီး တိုက်ပွဲလည်း ဆက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဖားကန့် ဗျူဟာကုန်းကနေ လုံးခင်းအုပ်စု တောမှော် အတက်လမ်း ကုဋေမှော်၊ မားဆားဘက်ကို အကြောင်းမဲ့ လက်နက်ကြီး ၁၂၀ မမ ၄ ကြိမ်ထက်မနည်း လှမ်းပစ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိတဲ့ ပြည်သူတစ်ချို့တွေလည်း ရှိခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“လှမ်းပစ်တာက ၁၂ နာရီခွဲကျော်ကျော်လောက်ရှိမယ်။ တောမှော်အတက်လမ်းရှိတဲ့ဘက်ကို ဦးတည်ပြီးပစ်တာ။ အဲ့မှာ မားဆားကျေးရွာထဲမှာ လက်နက်ကြီးကျကွဲလို့ ကလေးငယ်တစ်ဦး ထပ်ဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့ တစ်ချို့လည်း ရှိသေးတယ်လို့ ကြားပါတယ်။ ဒါပေမယ့် သေးစိတ်တော့မသိရသေးဘူး။ အခုလက်နက်ကြီးပစ်တဲ့ နေရာဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး”လို့ပြောပါတယ်။

ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးခန့်က မားဆားကျေးရွာတဝိုက် ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အခုလိုပြည်သူတွေ အသက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ လက်နက်ကြီးပစ်ခတ်ခံရတဲ့ နေရာဘက်မှာ စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ Y – 12 လေယာဉ်နဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်အပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ တစ်ရက်ခြားမှာပဲ အခုလို ဖားကန့်ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီး ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

တိုက်ပွဲမရှိတဲ့ တောမှော်ကျေးရွာဘက်ကို လေကြောင်းအပါ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခံနေရတဲ့ အခြေအနေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်စခန်းသိမ်းတိုက်ပွဲမှာ တောမှော်ကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ထားပြီး အဲဒီနေရာမှာ KIA နဲ့ PDF အဖွဲ့တွေ တပ်အထိုင်ချထားတာကြောင့် ပစ်ခတ်ခံရတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေသုံးသပ်ပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖားကန့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတစ်လျှောက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

အဲဒီနိုဝင်ဘာလ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန် စစ်ကြောင်းနောက်ကနေ ဆိုင်ကယ်နဲ့ကပ်ပါလာတဲ့ အသက် ၂၀ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်း မိုင်းစထိမှန် သေဆုံးမှု ရှိခဲ့ပါတယ်။

ဒါ့အပြင် ၁၀ ရက်နေ့မှာလည်း မှော်ဆီစာ ကားလမ်းမကြီးပေါ်မှာ မိုင်ဆွဲပေါက်ကွဲမှုဖြစ်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန် KBC ဘုရားကျောင်းရှေ့မှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်ဘက်က ပြန်ပြီးနေရာယူထားတဲ့ လုံးခင်း၊ မှော်ဆီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ဖို့ရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖားကန့် ကားမိုင်း – နန့်ယားလမ်းပိုင်းကနေ ရဲတပ်သားတွေအပါအဝင် စစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေက နိုဝင်ဘာလ ၁၀ ရက်ညမှာ မှော်ဆီစာကျေးရွာထဲက Sky Hotel နဲ့ ဘုရားကုန်း နေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။

SkyHotel ထဲမှာ နေရာယူထားတဲ့ စစ်အင်အားတစ်ချို့က နိုဝင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း ပြန်ထွက်ခွာသွားတာ ရှိပေမယ့် စစ်ရေးနေရာမဟုတ်တဲ့နေရာတွေမှာ ပေါ်ပေါ်တင်တင် စစ်ရေး လှုပ်ရှားနေတာကြောင့် ပြည်သူတွေက အပြင်မထွက်ရဲဘဲ ကြောက်လန့် စိုးရိမ်မှုတွေ ဖြစ်နေတယ်လို့ ဖားကန့် ပြည်သူတစ်ဦးက ဆက်ပြီးပြောပြပါတယ်။

“လုံးခင်းကတော့ ပုံမှန်အနေအထားဖြစ်သွားပြီလို့ပြောလို့ရမယ်။ ဒါပေမယ့် အခုရက်ပိုင်းဖြစ်ပျက်သွားတာက မှော်ဆီစာနားမှာပဲ အခြေတည်ဖြစ်သွားတယ်ဆိုတော့ လမ်းမကြီးနဘေးက အိမ်တွေ၊ စျေးဆိုင်ကတွေကအစ မဖွင့်ရဲ မသွားရဲကြတဲ့သူတွေ ရှိသေးတယ်။ နေ့ခင်းဘက်မှာကျတော့ အိမ်မှာနေပြီး ညခင်းဘက်မှာဆိုရင် တခြားနေရာတွေမှာ သွားအိပ်ကြတာတွေရှိတယ်။ တစ်ချို့ကတော့ အိမ်နောက်ဖေးဘက်မှာ တံခါးတွေပိတ်ပြီး ပုန်းနေကြတယ်”လို့ ပြောပါတယ်။

မှော်ဆီစာဘုရားကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကြောင်းတစ်ချို့လည်း မှော်ဆီစာဘုန်းကြီးရဲ့ ပြောဆိုမှုကြောင့် တပ်စွန့်ခွာသွားတယ်လို့ ဆက်သိရပါတယ်။

ဖားကန့်မှာ နိုဝင်ဘာလ ၅ ရက်နေ့အထိ နှစ်ပတ်ခန့် တိုက်ပွဲငြိမ်သက်သွားပြီး ၆ ရက်နေ့မှာ ကားမိုင်း – နန့်ယားလမ်းကနေ ထပ်မံတက်လာတဲ့စစ်ကြောင်းတွေ ဖားကန့် လုံးခင်း၊ မှော်ဆီစာထဲဝင်ရောက်လာချိန် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်မှုအကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

ဖားကန့်မှာ တိုက်ပွဲပြန်ဖြစ်တဲ့ ယခုတစ်ပတ်အတွင်းမှာပဲ အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးအပါ ထိခိုက်ပြီး သေဆုံးစုစုပေါင်း ၁၀ ဦးခန့်ရှိလာပြီဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...