ဒီပဲယင်း မြို့နယ် အနောက်ခြမ်း ဗုံးကြဲမှု အရပ်သား ၁၃ ဦး ဒဏ်ရာရ

ဒီပဲယင်း မြို့နယ် အနောက်ခြမ်း ဗုံးကြဲမှု အရပ်သား ၁၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ၊ ဆပ်ပြာကျင်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ခဲ့ရာ အရပ်သားပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆပ်ပြာကျင်းကျေးရွာအား တစ်ရက်တည်းတွင် စစ်ကော်မရှင်တပ်က ဂျက်တိုက် လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ခဲ့ပြီး၊ အရပ်သားပြည်သူ ၁၃ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ် ၇ လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံအဖွဲ့အစည်းများက အတည်ပြု ပြောသည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ဒီပဲယင်းမြို့နယ်ထဲက ဆပ်ပြာကျင်းကျေးရွာအား စစ်ကော်မရှင်တပ်ဖွဲ့သည် နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံအဖွဲ့အစည်းများ၏ အဆိုအရ ထိုတိုက်ခိုက်မှုများကို တံတားဦးနှင့် မိတ္ထီလာ လေတပ်စခန်းများမှ ပျံတက်လာသော ဂျက်ဖိုက်တာ လေယာဉ်များက ညနေပိုင်း ၃ နာရီခွဲမှ ၆ နာရီအကြား ဆက်တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးကြီးများ အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ သည်ဟု ဆိုသည်။

ဒေသခံအဖွဲ့အစည်း တာဝန်ရှိသူများ၏ ပြောပြချက်အရ စစ်ကော်မရှင်၏ တိုက်ခိုက်မှုပုံစံသည် သိသာစွာ ပြောင်းလဲလာကြောင်း တွေ့ရသည်။

ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “အရင်လို တစ်ကြိမ်တည်း လာပစ်တာမျိုး မဟုတ်ဘဲ နာရီပိုင်းအတွင်းမှာပဲ နေရာတစ်ခုကို အကြိမ်ကြိမ် ပြန်လာပစ် နေတာပါ။ ဒါဟာ ဒဏ်ရာရသူတွေကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်နိုင်အောင် တားဆီးချင်တဲ့ သဘောပါပဲ။ သူတို့ရဲ့ တိုက်ခိုက်မှုပုံစံက အရမ်းပြောင်း သွားတယ်” ဟု ပြောသည်။

အဆိုပါ ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး၊ စိုးရိမ်ရသည့် အခြေအနေရှိသူများလည်း ပါဝင်ကြောင်း ဒေသခံအဖွဲ့အစည်းများက အတည်ပြုသည်။

ထို့အပြင်၊ ဒေသခံနေအိမ် ၇ လုံးခန့် ပျက်စီးခဲ့ပြီး ၃ လုံးမှာ မီးလောင်ကျွမ်းခဲ့သည်။

ဆပ်ပြာကျင်းကျေးရွာသည် ၂၀၂၁ ခုနှစ်တွင် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည့် ဒေသတစ်ခုအဖြစ် လူသိများပြီး၊ ယခုနှစ် မေလက ကျောင်းသား ၂၄ ဦး သေဆုံးခဲ့သည့် အိုးတိန်တွင်းကျေးရွာ နှင့်လည်း ၂ မိုင်ခန့်သာ ကွာဝေးသောကြောင့် စစ်ကော်မရှင်တပ်၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို အထူးခံနေရခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်းဒေသသည် လက်ရှိအချိန်တွင် တော်လှန်ရေး အင်အားစုများ၏ လွှမ်းမိုးမှု အားကောင်းနေသည့် နယ်မြေဖြစ်သောကြောင့် စစ်ကော်မရှင်တပ်များက လေကြောင်းအသာစီးကို အသုံးပြုကာ ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဒေသအတွင်း အခြေအနေ တင်းမာနေဆဲဖြစ်ပြီး၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ပြည်သူများကို ဘေးကင်းရာ နေရာများနှင့် ကြိုတင်ပြင်ဆင်ထားသော ဗုံးခိုကျင်းများတွင် ခိုလှုံကြရန် အရေးပေါ် တိုက်တွန်း ထားသည်။

Photo credit - CJ

February 26, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အထက်အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိဘဲ...
February 25, 2026
ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း...
February 24, 2026
NCA လမ်းကြောင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လမ်းကြောင်းသစ်...
February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...