စစ်တွေထောင်မှ အကျဉ်သားများအားစစ်သင်တန်းတက်ရန် ပြည်မဖက်သို့ပြောင်းရွှေ့မှုရှိနေ

စစ်တွေထောင်မှ အကျဉ်သားများအားစစ်သင်တန်းတက်ရန် ပြည်မဖက်သို့ပြောင်းရွှေ့မှုရှိနေ

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အကျဉ်းထောင်မှ အကျဉ်သားများအား စည်းရုံးပြီး စစ်သင်တန်းတက်ရန် ပြည်မဖက်သို့ ပြောင်းရွှေ့မှုရှိနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ရှိ နှစ်ရှည်ကာလထောင်ဒဏ်ချမှတ်ခံရသူများအပါအဝင် လတ်တလော ဖမ်းဆီးခံရသူများ၊ စစ်အာဏာ သိမ်းပြီးနောက် ဖမ်းဆီးခံရသည့် အကျဉ်းသားများအပြင် မွတ်ဆလင်အကျဉ်းသားများအား အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းပါက ထောင်ဒဏ် လွတ်ကင်းခွင့်ပေးမည်ဟု စည်းရုံးကာ အောက်တိုဘာလအတွင်းက ပြည်မဖက်သို့ နေဗီများဖြင့် ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်ဟု စစ်တွေဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

“အကျဉ်းသားတွေ ပြောင်းရွှေ့မှုက တိုက်ပွဲစဖြစ် ၂၀၂၃ ကတည်းက ရှိနေတာ။ အခုလည်း အသစ်ဖမ်းလို့ရတဲ့ဟာတွေ။ နှစ်ရှည်သမား‌တွေ တစ်သက်တကျွမ်းချခံရသူ‌တွေကို ပြောင်းနေတာရှိတယ်။ သူတို့က စစ်မှုထမ်းရင် ပြစ်ဒဏ်လျော့မယ်။ ကင်းလွတ်မယ်ဆိုပြီး စည်းရုံးပြီး ပြည်မဖက်ကို စစ်သင်တန်းတက်ဖို့ ခွဲပြီးပို့နေတာ” ဟု ပြောသည်။

ယခုလို ပို့ဆောင်ရာတွင် မွတ်ဆလင်အကျဉ်းသားများလည်း ပို့ဆောင်ခံနေရသည်ဟု ထောင်တွင်းနှင့် နီးစပ်သူ ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“စစ်တွေမှာ လတိုင်းဖမ်းဆီးမှုတွေရှိတယ်။ ‌စစ်တွေ အချုပ်ထဲ ထောင်ထဲမှာ ထားစရာနေရာတောင် မရှိတော့ဘူး။ AA သံသယနဲ့ ဖမ်းတဲ့သူရော မူးယစ်၊ ခိုးဆိုး အမှုပေါင်းစုံပေါ့။ မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းထားတာတွေကို စစ်သားလိုအပ်ချက်‌တွေရှိလာတော့ အဲ့ဒီအကျဉ်းသားတွေကို စည်းရုံးသိမ်းသွင်းပြီး စစ်သင်တန်းပို့တယ်။ လစာလည်းရမယ်။ ထောင်ကျခံစရာလည်း မလိုဆိုတော့ ထောင်သားတွေက သူတို့စည်းရုံးတဲ့အတိုင်း ပါသွားကြတယ်" ဟု ပြောသည်။

လက်ရှိတွင် အကျဉ်းသားများအား ရန်ကုန်သို့ ပို့ဆောင်ပြီး ထိုမှတဆင့် စစ်သင်တန်းများ ဆက်လက် ပို့ဆောင်သည်ဟု ၎င်းက ပြောဆိုသည်။

စစ်တွေအကျဉ်းသားများအား စစ်သင်တန်းတက်ရန် ပြောင်းရွှေ့မှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်၍ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်တွေအကျဉ်းထောင်ထဲတွင် တိုက်ပွဲကာလအတွင်းက ရွှေ့ပြောင်းထားသည့် ဘူးသီးတောင် အကျဉ်းထောင်များမှ မွတ်ဆလင်အကျဉ်းသားများ၊ မြို့သိမ်းကာလအတွင်းက မြို့တွင်း ပိတ်မိနေသူ၊ လမ်းသွားလမ်းလာများအား ဖမ်းဆီးခံရသူ၊ စစ်တပ်ထိန်းချုပ်ခဲ့စဉ် ကျေးရွာများအတွင်းသို့ စီးနင်း ဝင်ရောက်ဖမ်းဆီးခံရသူအပါအဝင် စစ်တွေမြို့တွင်း၊ မြို့ပြင် ကျေးရွာများမှ ဖမ်းဆီးခံရသူများ အများအပြားရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ အောက်တိုဘာ ၈ ရက်နေ့ကလည်း စစ်ရေး အခြေအနေတင်းမာလာသည့် စစ်တွေမြို့အကျဉ်းထောင်မှ အကျဉ်းသား ၃၀၀ ခန့်ကို စစ်ကောင်စီတပ်က ညအချိန်တွင် ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းကလည်း စစ်တွေအကျဉ်းထောင်မှ ရေတပ် စစ်ရေယာဉ်များဖြင့် ထောင်ပြောင်းရွှေ့သွားသည့် နိုင်ငံရေးသမားများအပါအဝင် အကျဉ်းသား ၃၅၁ ဦးသည် ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)က အောက်တိုဘာ(၁၂)ရက်က ထုတ်ပြန်ခဲ့သည်။

အလားတူ စက်တင်ဘာလ နောက်ဆုံးအပတ်ကလည်း စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၅၀၀ ခန့်ကို စစ်ကောင်စီက ဇက်ရေယာဉ်ဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...