ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေ

ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေ
Photo credit - social media
Photo credit - social media

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းထောင်က ကျွေးတဲ့ အစားအသောက်တွေ လတ်ဆက်မှုမရှိတာနဲ့ သောက်သုံးရေတွေ သန့်ရှင်မှုမရှိတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာပါ။

ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာကြောင့် စစ်ကော်မရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက လတ်တလော အချဉ်နဲ့ ပတ်သက်တဲ့ အစားအစာတွေကို ထောင်အတွင်း တင်သွင်းခွင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

“ဝမ်းပျက်ဝမ်းလျှောကတော့ ကျွန်တော်တို့ အထဲမှာ ပဲဟင်းကြောင့်လည်း ဖြစ်နိုင်တယ်။ကန်စွန်းရွက် ရေလုံပြုတ် ညနေကျရင် တာလပေါ့လို့ ခေါ်တာပေါ့ အဲဒီဟာကြောင့်လည်း ဖြစ်နိုင်တယ်။ အရင်တုန်းကဆို အချဉ်ရည်ဟင်းတို့ ဘာတို့ဆို တစ်ခွက်စာ ပေးတယ်။ မန်ကျည်းသီး ထောင်ထဲ ပို့လို့ရတယ်။ အခုကတော့ အချဉ်နဲ့ပတ်သက်တာ သရက်သီး သနပ်တောင် ခွင့်မပြုတော့ဘူး”လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေပေမယ့် စစ်ကော်မရှင် လက် အောက်ခံ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက ဆေးဝါးအလုံအလောက် မပေးသလို အခြေအနေ ဆိုးတဲ့လူလောက်သာ ဆေးဝါးအနည်းငယ်ပေးတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား နေတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ဆေးဝါးပို့ဆောင်ရင်တောင်မှ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီးမှသာ ဆေးဝါးတွေကို အနည်းငယ်သာ ခွင့်ပြုပေးတာ ရှိတယ်လို့ သိရပါတယ်။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို တခြားပြစ်မှုတွေနဲ့ အကျဉ်းကျ ခံနေရသူတွေထက် ရပိုင်ခွင့်ကန့်သတ်တာ၊ အစားအသောက်နဲ့ ဆေးဝါးတွေကအစ တင်သွင်းမှု လျော့ချတာအပြင် ဖိနှိပ်မှုအမျိုးမျိုး လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ရောဂါအခံရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လုံလောက်တဲ့ ဆေးကုသခွင့် မပေးတာ၊ လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း တင်သွင်းခွင့် မပြုတာအပြင် ပစ္စည်းပို့တာတွေကအစ အရင်လို မိတ်ဆွေ၊ သူငယ်ချင်းတွေ ပို့လို့မရဘဲ မိသားစုဝင်တွေကိုသာ ပေးပို့ခွင့် ပေးတာကြောင့် အဝေးက နိုင်ငံရေး အကျဉ်းသားတွေအတွက် အခက်တွေ့ စေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ရဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် တခြားအနယ်နယ် အရပ်ရပ်က နိုင်ငံရေး ပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၀၀ ထက်မနည်း ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Most read this week

ဓာတ်ပုံ-Social Media
February 7, 2026
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် မွန်ပြည်နယ်က ရွှေလုပ်...
ဓာတ်ပုံ-MOI
February 6, 2026
အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ အားလုံးပူးပေါင်းပါဝင်ပေးဖို့ အာဏာသိမ်း စစ်ကော်မရှင်ခန့်...
ဓာတ်ပုံ-CJ
February 5, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို...
ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...