မာန်အောင်တွင် ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်များ နှစ်ချီကြာ ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့နေ

မာန်အောင်တွင် ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်များ နှစ်ချီကြာ ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့နေ

စစ်ကော်မရှင် အုပ်ချုပ်မှုအောက်တွင် ရှိနေသေးသည့် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူများသည် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများမရရှိသည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော့်မိန်းမမှာ ကိုယ်ဝန်ရှိနေတာကို ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရဘူးဖြစ်နေတယ်။ ကျန်းမာရေး တစ်ခုခုဖြစ်လာမှာကို အရမ်းစိုးရိမ်နေရတယ်။ တိုက်ပွဲတွေဖြစ်ပွားတာ မရှိပေမယ့် ဆေးခန်းတွေလည်း အရင်လို အဆင်မပြေတော့ဘူး” ဟု ဒေသခံကိုရန်နိုင်က သူ၏ လက်ရှိအခြေအနေကို ပြောသည်။

မြို့ပေါ်ရှိ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံတွင်ပင် မရှိမဖြစ်လိုအပ်သော ဆေးပစ္စည်းများ ပြတ်လပ်နေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်ဟု သိရသည်။  

ထို့အပြင် အထူးကုဆရာဝန်ကြီးများနှင့် အတွေ့အကြုံရင့်ကျက်သည့် ဆရာဝန်များမရှိခြင်းကြောင့် ပြင်းထန်သော (သို့မဟုတ်) နာတာရှည်ရောဂါဝေဒနာရှင်များအတွက် ကုသမှုခံယူရန် အလွန်အမင်းခက်ခဲလျက်ရှိသည်ဟု အခြားဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

“ဆေးရုံမှာက ရောဂါအများစုကို စစ်ဆေးနိုင်တဲ့ စက်ကရိယာမရှိဘူးဘူး။ အထူးကုဆရာဝန်မရှိ၊ ဆေးလည်းမရှိဘူး။ အရေးပေါ်အခြေအနေနဲ့ တကယ်ချမ်းသာတဲ့လူနာတချို့ပဲ စစ်ကောင်စီဆီက ခွင့်ပြုချက်ရမှ ကုန်တင်သင်္ဘောနဲ့  ရန်ကုန်ကိုဆေးသွားကုနိုင်တယ်” ဟုဆိုသည်။

မာန်အောင်ဆေးရုံတွင် ပုံမှန်ပြုလုပ်ရမည့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုများ၊ ကာကွယ်ဆေး ထိုးနှံမှုများနှင့် မွေးဖွားစဉ် အရေးပေါ်အခြေအနေများအတွက် လိုအပ်သောကျန်းမာရေး ဝန်ဆောင်မှုများ လုံးဝနီးပါး ရပ်တန့်နေသည်။

“အစိုးရထောက်ပံ့တဲ့ မိခင်နဲ့ ကလေးအတွက် ဆေးဝါးမရတာ နှစ်နဲ့ချီရှိနေပြီ” ဟု ကျန်းမာရေး ဝန်ထမ်းတစ်ဦးက အတည်ပြု ပြောကြားသည်။

မာန်အောင်မြို့နယ်သည် စစ်ကောင်စီ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဆက်လက်ကျန်ရှိနေသည့် ကျွန်းပေါ်တွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး တိုက်ပွဲများ တိုက်ရိုက်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများမှ တစ်ဆင့်ကုန်စည်နှင့်  ဆေးဝါးများသယ်ယူခွင့်ကို နှစ်နှစ်နီးပါးကြာ ပိတ်ဆို့ထားသည်။

ဤပိတ်ဆို့မှု၏အကျိုးဆက်အဖြစ် မြို့နယ်အတွင်းဆေးဝါးပြတ်လပ်မှုသည် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေသည်။

“မာန်အောင်မှာက စစ်ကောင်စီကလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် အခုအရေးပေါ် ဆေးဝါးတွေ လိုချင်ရင် ရာခိုင်နှုန်း (အပိုကြေး) ပေးပြီး ရန်ကုန်ကနေတစ်ဆင့်မှာယူဝယ်နေရတယ်” ဟု ဒေသခံတစ်ဦးက ဆေးဝါးအခက်အခဲကို ရှင်းပြသည်။

ထိုကဲ့သို့ ပိတ်ဆို့ခံထားရ၍ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များ၏ အခြေအနေမှာ ပိုမိုစိုးရိမ်ဖွယ်ဖြစ်နေရသည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ခွင့်ပြုချက်မရှိဘဲ ခရီးသွားလာခွင့်ကို တားမြစ်ထားသောကြောင့် ဒေသခံများသည် အခြားမြို့နယ်များသို့  ဆေးကုသမှုခံယူရန်သွားရောက်နိုင်ခြင်းမရှိဘဲ မြို့နယ်အတွင်း၌ ပင်ပိတ်မိနေသကဲ့သို့ ဖြစ်နေသည်။

မာန်အောင်မြို့နယ်မှ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များကြုံတွေ့နေရသော ကျန်းမာရေး အကျပ်အတည်းသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ပြည်သူများမည်မျှ ဒုက္ခရောက်နေသည်ကို ထင်ဟပ်ပြနေပြီး လူသားချင်းစာနာမှု အကူအညီများ အမြန်ဆုံး ဝင်ရောက်ခွင့်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြင်းထန်စွာ ဖိအားပေးရန်လိုအပ်နေပြီဖြစ်သည်ဟု ဒေသအတွင်းက  လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

Most read this week

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...