တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့ (၄) မြို့ကို စစ်ကော်မရှင်တပ်က တစ်ရက်တည်း (၄) နေရာ တပြိုင်နက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီကျော်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံးတစ်လုံး လာရောက်ကြဲချခဲ့ရာ ကျောက်ဖားကျေးရွာအုပ်စု ရေအေးရွာရှိ ကြက်ခြံပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။
“မနေ့က ကြက်ခြံပေါ် ဗုံးကျတော့ လူထိခိုက်တာတော့ မကြားမိဘူး။ ဒီမှာက သတိထားပြီးတော့ပဲ နေရတာ၊ ဘာဖြစ်မလဲ ခန့်မှန်းလို့ မရဘူးလေ။ စိတ်ပူတာတော့ ဘယ်မှ ပြေးလို့ မရတော့ဘူး။ မိုးကုတ် မိုးမိတ်ဘက်က လမ်းကြောင်းတွေ အကုန်ပိတ်ကုန်ပြီ။ တိုက်ပွဲဖြစ်ရင် အသံနားထောင်ပြီး ပြေးလို့ ရသေးတယ်။ လေယာဉ်ဗုံးက ဘယ်နားကြဲမလဲ မသိတော့ မပြေးနိုင်ကြဘူး” ဟု မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယင်းမတိုင်ခင် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲကျော်တွင် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နမ္မဝေါရပ်ကွက်ရှိ မီးသတ်ရုံးအနီး ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူနေအိမ် (၂) လုံး၊ လက်ဖက်စက်ရုံ (၁) ရုံနှင့် မီးသတ်ကားများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဆန်ဒေသခံများထံမှ သိရသည်။
တပြိုင်နက်တည်းတွင် TNLA ထိန်းချုပ်ထားသည့် မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် (၆) လုံး ထိမှန်ပျက်စီးခဲ့ပြီး မိုင်းငေါ့မြို့အနီး လွယ်ပိန်းကျေးရွာတွင်လည်း ပေါင် (၂၅၀) ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် ဇရပ်တို့ ပျက်စီးခဲ့သည်။
နမ့်ဆန်မြို့တွင် ယမန်နေ့ လေကြောင်းဗုံးကြဲခံရမှုအတွင်း အသက် (၂၈) နှစ်အရွယ် ကိုအောင်အောင်နှင့် အသကက် (၂၄) နှစ်အရွယ် ကိုချစ်စမ်းမောင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။
“ရုံးနေရာဟောင်းတို့၊ လက်နက်ကိုင် စစ်သားရှိတဲ့နားတို့ အဲ့လိုနေရာနား မနေဘဲ ရှောင်ကြတယ်။ အဝေးကို ရှောင်မယ်ဆိုလည်း နေစရိတ် စားစရိတ်အပြင် လမ်းစရိတ်ပါ ကုန်တော့ မတတ်နိုင်တော့ဘူး။ ညဘက်ဆိုလည်း လေယာဉ်က နိမ့်နိမ့်လေး ပျံတော့ အသံအရမ်းကျယ်တယ် ကောင်းကောင်းမအိပ်ရဲဘူး၊ ဒရုန်းတွေလည်း ခနခနလာတယ်”ဟု မိုးကုတ်ဒေသခံ အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
အလားတူ အောက်တိုဘာ (၁၈) ရက် ညပိုင်းကလည်း နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို စစ်ကော်မရှင်တပ်က ပေါင် (၂၅၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး (၅) ဦး အပါအဝင် စုစုပေါင်း (၆) ဦး သေဆုံးခဲ့ပြီး (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် (၂၂) အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲ-မိုင်းငေါ့လမ်းပေါ်ရှိ ၁၁ မိုင်ကျေးရွာကို လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီး (၂) ပါး ပျံလွန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်တပ်သည် အောက်တိုဘာလအတွင်း ကျောက်မဲမြို့နှင့် သီပေါမြို့ (၂) မြို့ကို ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် TNLA ထိန်းချုပ် မြို့ရွာများကို လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာသည်။
ထိုသို့ စစ်ကော်မရှင်တပ်၏ အရပ်သားများကို ဦးတည်ဗုံးကြဲ တိုက်ခိုက်မှုများအတွက် လေယာဉ်ဗုံးကြဲသူ၊ ဗုံးကြဲရန် ဆော်ဩသူနှင့် ဗုံးကြဲခံရခြင်းကြောင့် ဝမ်းမြောက် လက်ခုပ်တီးသူများကို သေချာမှတ်ထားကာ ၎င်းတို့အတွက် အလှည့်ရှိလာမည်ဟု TNLA အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ် တားဘုန်းကျော်က ဖေ့စ်ဘုတ် လူမှုကွန်ရက်မှတဆင့် ယမန်နေ့တွင် မျှဝေထားသည်။
စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ (၁) ရက်မှ (၂၀) ရက်အထိ လေကြောင်းဖြင့် TNLA ထိန်းချုပ် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးကုတ်နှင့် မိုးမိတ် စသည့် မြို့များတွင် စုစုပေါင်း (၃၀) ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သံဃာတော် (၂) ပါး၊ ကလေး (၈) ဦး၊ အမျိုးသမီး (၁၉) ဦး အပါအဝင် အရပ်သားစုစုပေါင်း (၄၁) ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၁၇) ဦးနှင့် ကလေး (၁၁) ဦး အပါအဝင် အရပ်သား (၅၀) နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၁၃၈) အိမ်၊ စာသင်ကျောင်း (၃) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၃) ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။







