အာရက္ခတပ်တော် (AA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များသည် အကြမ်းဖက် စစ်တပ်၏ စစ်ကူ စစ်ကြောင်းများနှင့် ကာကင်းစခန်းကုန်းများကို အပြတ်သတ် တိုက်ခိုက် သိမ်းပိုက် ချေမှုန်းပြီးနောက် လက်ရှိ နှစ်ဖက်တိုက်ပွဲများမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစအမှတ်(၁၄)နှင့် ဇင်ပြွန်းရွာ လက်နက်ကြီးအထိုင်စခန်း၏ တစ်မိုင်ခန့်အကွာသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။
ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက “AA နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာစခန်းကုန်းကြီးကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကူနဲ့ ရိက္ခာသယ်လာတဲ့ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်နေသလို အနီးပတ်ဝန်းကျင်က ကာကင်းစခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာတာ အခုဆိုရင် နှစ်ဖက်တိုက်ပွဲက ကပစ(၁၄)နဲ့ ဇင်ပြွန်းရွာလက်နက်ကြီးစခန်းရဲ့ တစ်မိုင်ထိ နီးကပ်လာပြီလို့ သိရပါတယ်”ဟု ပြောသည်။
လက်ရှိ အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူ၊ စစ်ကြောင်း စစ်ကူများဖြင့် တိုက်ခိုက်နေသည့်ကြားက စခန်းငယ် အများအပြားကို လက်လွှတ်ခဲ့ရသလို လက်ရှိတွင် အမ်း-ပဒါန်း ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်တောင်တွင် လေကြောင်းရန်ကာကွယ်ရေးဗျုဟာစခန်းကုန်းကြီးတစ်ခုသာ နောက်ဆုံး ကျန်ရှိတော့သည်ဟု ဆိုသည်။
“အခု ကင်းစခန်းတွေအားလုံးကို AA နှင့် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြတ်သတ် ချေမှုန်း သိမ်းပိုက်လိုက်ပြီ။ အဲဒီ ကာကင်းတွေက နတ်ရေကန်နဲ့ ဇင်ပြွန်းရွာစခန်း၊ ကပစ ၁၄ တို့ အကြားမှာ တည်ရှိတာ။ တစ်ဖက်မှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို အေအေနဲ့တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ထားတော့ စစ်တပ်စစ်ကြောင်းတွေက နောက်ဆုတ်နေရပြီး အခုတိုက်ပွဲက တဖြည်းဖြည်းနဲ့ ကပစ (၁၄) ထိ ကပ်သွားတာ” ဟု ပြောဆိုသည်။
နတ်ရေကန်တောင်ပေါ်ရှိ လေကြောင်းရန်ဗျူဟာကုန်းကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်း ပိတ်ဆို့ထားကာ စစ်ကူတက်လာသောစစ်ကြောင်းများကို ရိုးတောင်ခြေရင်းအနီးဝန်းကျင်နေရာကောင်းများမှစောင့်ကြိုကြားဖြတ်တိုက်ခိုက်၍ စစ်တပ်ဘက်က အကျအဆုံးများနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
"အခုက လေကြောင်းရန်စခန်းကုန်ကြီး တစ်ခုဘဲကျန်ပြီ။ ပတ်လည် အကုန်ကျသွားပြီ၊ အောက်က တက်လာတဲ့ စစ်ကြောင်းတွေကို ရိုးပေါ်ကို အတက်မပေးတော့ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေက ဆီးကြိုပြီးတိုက်နေတာပါ"ဟု ပြောသည်။
စစ်ကောင်စီသည် နတ်ရေကန်တောင် လေကြောင်းရန်ဗျူဟာသို့စစ်ကူပို့ရာတွင် လမ်းဟောင်းနှင့် လမ်းသစ်နှစ်ခု စလုံးကို အသုံးပြုနေသည်ဟု ဆိုသည်။
“ကပစ ၁၄ ကဆိုရင် လမ်းဟောင်းကို အသုံးပြုပြီး စစ်ကြောင်း တက်လာတာ။ အဲဒီ စစ်ကြောင်းတွေလည်း ဖြတ်တောက်တိုက်ခိုက်ရတော့ နောက်ဆုတ်ရတယ်။ လမ်းသစ်ကနေတက်လာတဲ့ စစ်ကြောင်းကိုလည်း စပ်စီကျေးရွာအကျော်မှာ အေအေနဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေက ဖြတ်တောက်တိုက်ခိုက်နေတာ”ဟု ဆက်ပြောသည်။
အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လက်ရှိ ထိုးစစ်များသည် ရခိုင်ပြည်၊ အမ်းမြို့သို့ ဝင်ရောက်ရန် ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်မှာ မအောင်မြင်သလို နတ်ရေကန် လေကြောင်းရန်ဗျူဟာ AA နှင့် တော်လှန်ရေးတပ်ဖွဲ့များ လက်ထဲမကျရန် အသည်းအသန် ကြိုးပမ်းနေရသည်ဟု ဆိုသည်။
ထောက်ပို့စခန်းများသိမ်းပိုက်ခံရပြီးနောက် စစ်ကူမလာနိုင်သောအခြေအနေများဖြင့် ရင်ဆိုင်နေရသော အကြမ်းဖက် စစ်တပ်သည် အားကိုးစရာ တစ်ခုတည်းသာ ကျန်ရှိတော့သည့် လေကြောင်းတစ်ခုတည်းကို အသုံးပြုပြီး Y12၊ ဂျက်တိုက်လေယာဉ်နှင့် Y8 တို့ဖြင့် နေ့ရောညပါလာရောက်ပြီး ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။
မြန်မာအကြမ်းဖက်စစ်တပ်သည် လိုင်ရွာ၊ စပ်စီ၊ နောင်ရွာ၊ ဂုတ်ကြီးစသည့်ကျေးရွာများကို ဒရုန်းအပါအဝင် လေကြောင်းကနေတိုက်ခိုက်မှု၊ လက်နက်ကြီးတို့ဖြင့်ပစ်ခတ်မှုတို့ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဒေသခံတစ်ဦးက "အခုက နှစ်ဖက်တိုက်ပွဲက ကပစ ၁၄ နဲ့ဇင်ပြွန်းရွာနားကိုရောက်နေပြီ။ လေကြောင်းကလည်း တော်လှန်ရေးတပ်တွေရှိတယ်ထင်ပြီး စပ်စီရွာနားနဲ့ ပတ်ဝန်းကျင်ကို မကြာမကြာ လာပစ်နေတယ်"ဟု ပြောဆိုသည်။
စစ်တပ်၏စစ်ကူတပ်များသည် အင်အားအများအပြားဖြင့် လမ်းသစ်ကားလမ်းမထက်မှ အကြိမ်ကြိမ် ထိုးစစ်ဆင်တက်နေသော်လည်း စပ်စီရွာနားကိုမကျော်နိုင်သေးဘဲ နောက်ဆုတ်နေကြရသည်ဟု ဆိုသည်။
အာရက္ခတပ်တော်နှင့်ပူးပေါင်းတော်လှန်ရေးတပ်များသည် နတ်ရေကန်တောင်လေကြောင်းရန် ကာကွယ်ရေး စခန်းပတ်ဝန်းကျင်ရှိ ကာကင်းများကို ယခုလအတွင်း အပြတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နောက်ထပ် တက်လာမည့် စစ်ကူစစ်ကြောင်းများကို ရိုးတောင်အောက်တောင်ခြေရင်းနားထိ ဆီးကြို တိုက်ခိုက်နေမှုကြောင့် စစ်ကောင်စီသည် လမ်းသစ်၊ လမ်းဟောင်းနှစ်လမ်းလုံးမှ တက်မရောက်ဘဲဖြစ်နေပြီး နတ်ရေကန်တောင်စခန်းသို့ စားနပ်ရိက္ခာများကို လေကြောင်းကနေ ပို့ဆောင်နေရသည်ဟု သိရသည်။







