AA သိမ်းထားသည့် တောင်ကုတ်-ပန်းတောင်းလမ်းပေါ်က လေသာတောင်စခန်းကို အကြမ်းဖက်စစ်တပ်မှ ပြန်လည် ထိုးစစ်ဆင်

AA သိမ်းထားသည့် တောင်ကုတ်-ပန်းတောင်းလမ်းပေါ်က လေသာတောင်စခန်းကို အကြမ်းဖက်စစ်တပ်မှ ပြန်လည် ထိုးစစ်ဆင်

ရခိုင်ပြည်-တောင်ကုတ်နှင့် ပဲခူးတိုင်း-ပန်းတောင်း လမ်းပေါ်က အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်တို့ သိမ်းထားသည့် လေသာတောင်ကို အကြမ်းဖက်စစ်တပ်မှ ပြန်လည်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲပြင်းနေကြောင်း သတင်းရရှိသည်။

AA က ပြန်လည်သိမ်းယူထားသည့် လေသာတောင်စခန်းအား အောက်တိုဘာ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ပြန်လည် ထိုးစစ်ဆင်လာသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“လေသာတောင်စခန်းကို စစ်ကောင်စီဆီကနေ ပြန်လို့သိမ်းထားတာ။ သူတို့ ပြန်ရယူဖို့ ကြိုးစားနေလို့ တိုက်ပွဲက ပြင်းတယ်။ ဒရုန်းနဲ့ လက်နက်ပစ်ကူပြီး ပြင်းနေတာ” ဟု ပြောသည်။

ညောင်ကျိုးကျေးရွာနှင့် မနီးမဝေးတွင် တည်ရှိသည့် တောင်ကြောရှည် လေသာတောင်ကို စစ်ကောင်စီက ဆင်လမ်ကျေးရွာကနေ အခြေပြုပြီး လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူယူပြီး လေသာတောင်ကြော ပတ်ဝန်းကျင်တွင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။

“လေသာတောင်ကြောနဲ့ ညောင်ကျိုးက တဆက်တည်းဆိုတောင်ရတယ်။ ပထမတော့ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆင်လမ်ထိ သိမ်းထားတာပါ။ နောက် အကြမ်းဖက်စစ်တပ်ဖက်က ပြန်ထိုးစစ်ဆင်လို့ ပြန်သိမ်းတယ်။ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ညောင်ကျိုးထိ ဆုတ်ပေးရတယ်။ နောက်ထပ် AA နဲ့ ပူးပေါင်းတပ်က ပြန်ထိုးစစ်ဆင်ပြီး လေသာတောင်ကို ပြန်သိမ်းထားတာပါ” ဟု ပြောသည်။

လေသာတောင်ကို ပြန်လည်ရယူရေး အကြမ်းဖက်စစ်တပ်မှ ပြန်လည်ထိုးစစ်ဆင်နေမှုကြောင့် တိုက်ပွဲမှာ ဆက်လက်ပြင်းနေပြီး စစ်ကောင်စီသည် ညောင်ခြေထောက်မှ တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းပြီး ဆင်လမ်ကျေးရွာတွင် အဓိက စခန်းချကာ လေသာတောင်နှင့် ညောင်ကျိုးကို ထိုးစစ် ပြင်းပြင်းထန်ထန် ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

လက်နက်ပစ်ကူပေးသည့် ဆင်လမ်‌စခန်းကုန်းသည် ညောင်ကျိုးနှင့် ၄ မိုင်ခန့်သာကွာဝေးပြီး တိုက်ပွဲမှာ ညောင်ကျိုးနှင့် ဆင်လမ်ကြားတွင် ရှိတဲ့ လေသာတောင်ကြောတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်တပ်ဖက်မှ လေကြောင်းပစ်ကူအပြင် ဆင်လမ်ရွာတွင်အထိုင်ချထားသည့် လက်နက်ကြီးစခန်းမှ လက်နက်ကြီးကျည်များပစ်ကူပေးနေအပြင် ဒရုန်း၊ ဂျက်၊ Y12၊ Y8 တို့ဖြင့် နေ့ရော ညပါ ဗုံးကြဲ တိုက်ခိုက်နေသည်ဟု သိရသည်။

ယင်းအပြင် ဥသျှစ်ပင်၊ ညောင်ခြေထောက်ဖက်မှလည်း စစ်အင်အား၊ လက်နက်အင်အားများ ထပ်မံဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဖြင့် တောင်ကုတ်မြို့အထိ ရောက်အောင် ထိုးစစ်ဆင်ရန် ရည်ရွယ်ထားမူကြောင့် ညောင်ခြေထောက်နဲ့ ဆင်လမ်ကျေးရွာကြားတွင် တင့်ကားဖြင့် လက်နက်ကြီး အတွဲလိုက် ပစ်နိုင်ရန် အင်အား၂၀၀ နီးပါး လက်နက်ကြီးတပ်တို့ပါ ထိုင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တို့ ပြောဆိုချက်အရ သိရသည်။

ယခု စက်တင်ဘာ ၂၆ ရက်‌ နေ့က ပန်းတောင်းမြို့နယ်၊ ဆင်လမ်ကျေးရွာစခန်းကုန်းရှေ့ရှိ စခန်းကုန်းနှစ်ခု အကြမ်းဖက်စစ်တပ်၏ စခန်းကုန်းနှစ်ခုကိုလည်း အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်တို့က သိမ်းပိုက် ရရှိထားသည်။ အကြမ်းဖက်စစ်တပ်သည် ဧရာဝတီတိုင်း-ရခိုင်အစပ်၊ ပဲခူးတိုင်း-ရခိုင်အစပ်နှင့် မကွေးတိုင်း-ရခိုင်အစပ်နေရာများ၌ ၎င်းတို့စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကိုပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်သော ထိုးစစ်များကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

March 24, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော်နှင့် စစ်ရေးတင်းမာနေသည့် ရခိုင်ပြည် မြို့တော်စစ်တွေတွင်...
March 23, 2026
ရခိုင်တွင် အာရက္ခအမျိုးသားတက္ကသိုလ်ကို အာရက္ခအမျိုးသားပညာရေးဌာနက မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး...
ဓာတ်ပုံ - ပုံဟောင်း
March 21, 2026
နှင်းနွယ်နီ - ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသော်လည်း စစ်ကော်မရှင်က...
March 20, 2026
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်(AA)...